10 July 2026 12:03 PM

မိုခါမုန်တိုင်းကြောင့် လယ်ယာသုံးကျွဲ ၁၅၀ ခန့်သေလို့ လုပ်ငန်းခွင်မှာ အခက်အခဲဖြစ်နေ

0 3
0 3

စစ်ကိုင်း၊ ဇွန် ၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ပျားကျေးရွားနဲ့ ဇနဖုဒ်ကျေးရွာမှာ မိုခါမုန်တိုင်းကြောင့် ကျွဲတွေသေတဲ့အတွက် လယ်ယာလုပ်ငန်းခွင်မှာ အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီကျေးရွာတွေက ကျွဲအများစုမှာ မုန်တိုင်းဝင်ချိန်ရေကြီးတဲ့အတွက် မျောပါသေဆုံးတာ၊ သစ်ပင်ပိလို့ သေဆုံးတာနဲ့ မုန်တိုင်းပြီးနောက် ကျန်းမာရေးအခြေနေအရ သေဆုံးတာတွေကြောင့် ၂ ရွာပေါင်းမှာ ကျွဲအကောင်ရေ ၁၅၀ ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

ပုံစာ – ပျားကျေးရွားနှင့် ဇနဖုဒ်ကျေးရွာတွင် ကျန်ရှိနေသေးသည့် ကျွဲများ။

“ကျေးရွာ ၂ ရွာပေါင်းမှာမှ ကျွဲအကောင်ရေ ၃၀၀ လောက်ပဲရှိတယ်။ ခုက ထက်ဝက်လောက်သေသွားတာဆိုတော့ လုပ်ငန်းခွင်အချိန်မီဝင်လို့ မရဘူးဖြစ်နေတယ်။ လက်ရှိ ကျွဲကျန်ခဲ့တဲ့သူတွေ လုပ်ငန်းခွင်ပြီးမှ အခြားသူက ငှားလုပ်ရမယ့် အခြေနေပါ။ အချိန်မီ မစိုက်ပျိုးနိုင်ရင်တော့ အထွက်ကျတာနဲ့ ပိုးမွှားဖျက်ဆီးတဲ့ဒဏ်တွေ ခံရနိုင်တယ်။” လို့ ဆိုပါတယ်။

ဒီကျေးရွာတွေဟာ မင်းကင်းမြို့နဲ့ ၁၅ မိုင်ခန့်အကွာမှာရှိပြီး ခေါင်ဖျားတဲ့ဒေသ၊ တောင်ပေါ်ဒေသ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စက်ပစ္စည်းတွေမသုံးဘဲ ကျွဲကိုသာအသုံးပြု လုပ်ကိုင်နေရတာလို့ သိရပါတယ်။

ပုံစာ – ပျားကျေးရွားနှင့် ဇနဖုဒ်ကျေးရွာတွင် ကျန်ရှိနေသေးသည့် ကျွဲများ။

“ဒီဘက်ဒေသတွေက ခေါင်တော့ စက်မသုံးကြဘူး။ ကျွဲတမျိုးပဲ သုံးကြတယ်။ ခုဖြစ်နေတဲ့ အခြေနေကိုလည်း ဘယ်သူမှ မသိကြတော့ ကူညီမယ့်သူတွေလည်း တယောက်မှ မလာကြဘူး။ ကျွဲသေတဲ့စာရင်းကိုရဖို့ တောင်သူတွေနဲ့တွေ့ဆုံပြီး အခြေနေတွေကို မေးမြန်းခဲ့ရတာ”လို့ အထက်ပါဒေသခံက ပြောပါတယ်။

ဒါ့အပြင် မှက်၊ ခြင်နဲ့ ယင်ပေါတာကြောင့် နွားမွေးလို့မရဘဲ ကျွဲတမျိုးကိုသာ အဓိက မွေးမြူပြီး လုပ်ငန်းခွင်သုံးနေကြရတာလည်း ဖြစ်ပါတယ်။

ဒေသခံတွေကတော့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေအတွက် အကူအညီလိုအပ်နေပေမယ့် ဆက်သွယ်ရေးလိုင်းအခက်ခဲနဲ့ လမ်းပန်းအခက်ခဲကြောင့် ကူညီမယ့်သူတွေ မရှိဘူးလို့ ဆိုပါတယ်။

ပျားကျေးရွားနဲ့ ဇနဖုဒ် ကျေးရွာမှာ စိုက်ပျိုးဧက ၂၀၀၀ ဝန်းကျင်ရှိပြီး စပါး၊ ပဲနဲ့နှမ်းကို အဓိကထား စိုက်ပျိုးကာ အခြားရာသီပေါ်သီးနှံအချို့ကိုလည်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ပျားကျေးရွာကတော့ အိမ်ခြေ ၈၀ ကျော်၊ လူဦးရေ ၂၅၀ ကျော်သာရှိပြီး ဇနဖုဒ်ကျေးရွာကတော့ အိမ်ခြေ ၅၀ ကျော် လူဦးရေ ၁၅၀ ကျော်သာရှိတဲ့ ရွာငယ်လေးတွေဖြစ်တယ်လို့ ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။