နတ်တလင်းက ကျေးရွာတချို့တွင် ရွာအတွင်းနေထိုင်ကြောင်း ထောက်ခံစာလုပ်ခိုင်းပြီး ငွေတောင်း

0 1
0 1

ပဲခူး၊ မေ ၂၄၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်ဝန်းကျင်က ကျေးရွာတွေမှာ စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို ကျေးရွာတွင်းနေထိုင်ကြောင်းထောက်ခံစာ လစဉ်လုပ်ခိုင်းပြီး ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စုစုပေါင်း ကျေးရွာ ၁၀ ရွာနဲ့အထက်က ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက တအိမ်ထောင်ကို ထောက်ခံစာတစောင် လုပ်ခိုင်းနေတာလို့ သိရပါတယ်။

“ရွာမှာနေတဲ့အကြောင်း ထောက်ခံစာလုပ်ရမှာတဲ့၊ ထောက်ခံစာက အလကားလုပ်ရတာမဟုတ်ဘူး။ တခါလုပ်ရင် တထောင်နှစ်ထောင်ပေးရတာ ဆန်ဝယ်စားလို့ရတယ်။ တလတခါဆိုတော့ လွန်တယ်။ အလုပ်အကိုင်က ကောင်းတာမဟုတ်ဘူး။ PDFတွေ လာနေမှာစိုးလို့ဆိုပြီး အကြောင်းပြတယ်။ လာစစ်တဲ့အချိန် စာရွက်ထဲကလူနဲ့ အပြင်ကလူတိုက်စစ်မယ်လို့လည်း ရာအိမ်မှူးကပြောသေးတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလလောက်ကတည်းက အခုလို ထောက်ခံစာလုပ်ရပြီး ဟောင်းနွမ်းသွားမှသာ ပြန်လည်အသစ်လဲရတာရှိပေမယ့်၊ အခု ၂၀၂၃ ခုနှစ် မေလ ဒုတိယအပတ်ကစလို့ အဆိုပါနေထိုင်ကြောင်း ထောက်ခံစာတွေကို တလတကြိမ်လဲဖို့ ကျေးရွာတာဝန်ရှိသူတွေက လိုက်ပြောခဲ့တာလို့ သူကဆက်ပြောပါတယ်။

နတ်တလင်းမြို့နယ်ထဲက လယ်မအင်း၊ ပျဥ်ပုံ၊ အောင်ရတနာ၊ အောင်ဇေယျာ၊ အောင်မြန်မာကျေးရွာ၊ တောင်ညိုဆည်အတွင်းက လှေကားထောင်၊ လိန်ပင်ကုန်း၊ မြို့ကျ၊ အင်းမကုန်း၊ တောင်ညို၊ သင်္ဘောချည်တိုင်၊ ဆင်သေဖျားကျေးရွာတွေအပြင် တောင်ညိုဆည်အထက်ရှိ ပျဥ်းမခေါင်၊ ကရင်ဆင်ဆွဲစတဲ့ ကျေးရွာတွေမှာထောက်ခံစာလုပ်နေရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူးနဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေကတော့ ကျေးရွာခေါင်းဆောင်တွေဆီကို ထောက်ခံစာ သွားလုပ်ရတာလို့ ဆိုပါတယ်။

တောင်ညိုဆည်ဝန်းကျင်မှာ အိမ်ထောင်စု ၁ သောင်းကျော်နေထိုင်ပြီး တောင်ညိုဆည် တည်ဆောက်ချိန်က ပြောင်းရွှေ့လာခဲ့ရသူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက်မှာ ဒေသခံကာကွယ်ရေးတပ်တွေလည်း ရှိနေသလို စစ်ကောင်စီတပ်ကလည်း တောင်ညိုဆည်အနီးက မကျီးပင်ရွာ စက်လှေဆိပ်အနီးမှာ ၂၀၂၂ ခုနှစ်ကစလို့ အင်အား ၂၀ လောက်နဲ့ စခန်းချထားတာကြောင့် မကြာဏဆိုသလို ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

နတ်တလင်းမြို့နယ်ဟာ စစ်ကောင်စီခန့် ပဲခူးတိုင်းမျိုးဆွေဝင်းရဲ့ဇာတိမြေဖြစ်ပြီး အခုနှစ်ဖေဖေါ်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့မြို့လည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။