ကပစ ၁၅ က တပ်ကြပ်နဲ့ ပျူသင်တန်းတက်ထားသူ ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

0 6
0 6

အောင်လံ၊ မတ် ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွာမထုံရွာနဲ့အောင်မြင်ကုန်းရွာကြားမှာ ကပစ ၁၅ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ပျူသင်တန်းတက်ထားသူ ၁ ဦးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အောင်လံမြို့နယ်ပကဖ တာဝန်ရှိသူထံက သိရပါတယ်။

မတ် ၂၆ ရက်မနက် ၇ နာရီခန့်မှာ အောင်မြင်ကုန်းရွာကနေ ကပဖ ၁၅ ဘက်ကို ဆိုင်ကယ်နဲ့ထွက်လာတဲ့အသက် ၄၀ ကျော်အရွယ်ရှိ တပ်ကြပ် ရဲဝင်းခိုင် (ခ) အဲဗာကြီးနဲ့ ရွာမထုံရွာသား ပျူစောထီးသင်တန်းတက်ထားသူ အသက် ၄၀ ဝန်းကျင်အရွယ် အောင်သန်းဦးတို့ကို ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“အဲဗာကြီးကို ပစ်ဖို့လုပ်တဲ့အချိန်မှာ ပစ်တဲ့နေရာက မျက်ကွယ်လိုဖြစ်နေတာ။ အဲဗာကြီးကို လှမ်းပစ်တဲ့အချိန်မှာ အောင်သန်းဦးက ဆိုင်ကယ်နဲ့ကျော်တက်လာတော့ အောင်သန်းဦးကိုအရင်ပစ်ခတ်ရှင်းလင်းလိုက်တယ်။ ပြီးမှာ အဲဗားကြီးကို လိုက်ပစ်ရတာ။ “လို့ အောင်လံမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် ၂ ဦးစလုံးနေရာတင်သေဆုံးခဲ့ပြီး တပ်ကြပ် ရဲဝင်းခိုင်ဆီကနေ သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခုနဲ့ကျည်ဆံအချို့ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

တပ်ကြပ် ရဲဝင်းခိုင်ဟာ ကပဖ ၁၅ အရှေ့ကနေ ဒေသခံတွေသယ်ဆောင်လာတဲ့ ဆန်တွေအပါအဝင် ကုန်စည်တွေကို တားဆီးဖမ်းဆီးငွေညစ်တာ၊ မိန်းမဖြစ်သူနေထိုင်တဲ့ အောင်မြင်ကုန်းရွာမှာ နေချိန်လည်း သေနတ်တွေပစ်ဖောက်တတ်တာ၊ လောင်းကစားဝိုင်းတွေကို အခကြေးငွေယူပြီး ဖွင့်လှစ်ခွင့်ပေးထားသလို အောင်သန်းဦးမှာလည်း ပျူစောထီးသင်တန်းတက်ထားသူဖြစ်တာကြောင့် ပစ်ခတ်တာလို့ သူကဆက်ပြောပါတယ်။

အောင်လံမြို့နယ်ပကဖ အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေနေအရ မည်သူကိုမဆို သွေးထွက်သံယို ကိစ္စမျိုးမဖြစ်ချင်တာကြောင့် ထိန်းသိမ်းလုပ်ဆောင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်သား၊ ရဲနဲ့ပျူစောထီးတွေအနေနဲ့ ပြည်သူတွေကို အနိုင်ကျင့် ငွေညစ်တာ၊ ခြိမ်းခြောက်တာ၊ စစ်မှုထမ်းဖမ်းမတရားဖမ်းဆီးတာမျိုးတွေမလုပ်ဘဲ ၎င်းတို့ တပ်စခန်းတွေမှာသာ အေးဆေးစွာနေထိုင်ကြဖို့နဲ့ ပြည်သူတွေကို အနိုင်ကျင့်တာမျိုးပြုလုပ်လာပါက ပစ်ခတ်သွားမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာထိပ်ရှိ ဦးလောကြီး စားသောက်ဆိုင်အရှေ့ကွမ်းယာဆိုင်နားမှာ သမ္ဘူလ တိုက်နယ်ရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ်တဦးပစ်သတ်ခံရပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။