ပုလဲ၊ ကန်ဒေါင့်နယ်မြေရဲစခန်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၁၀ ဦးထက်မနည်း ထိခိုက်၊သေဆုံးနိုင်ဟုဆို

0 1
0 1

ပုလဲ၊ မေ ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ကန်ဒေါင့်နယ်မြေရဲစခန်းကို မေလ ၁၀ ရက် ညပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ PDFတာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုအင်အား ၈၀ ကျော်ရှိတဲ့ အဲ့ဒီရဲစခန်းကို ည ၈ နာရီကျော်ကနေ ၁၂ နာရီခန့်အထိ အချိန် ၃ နာရီ နီးပါးအကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ M7 PEOPLE’S DEFENSE FORCEမှ ဒု-တပ်ရင်းမှူး ဗိုလ်မြတ်က မြေလတ်အသံကို ပြောပါတယ်။

“ရဲစခန်းက သုံးဆင့်ဘန်ကာကို လက်နက်ကြီးနဲ့ပစ်လိုက်တာ ထိထိမိမိကျသွားတယ်။ အဲ့မှာဘဲ သေဆုံး၊ ဒဏ်ရာရသူတွေများနိုင်တယ်။ ပြီးတော့ အပြန်အလှန်ပစ်ခတ်တာတွေမှာလည်း သေဆုံး၊ဒဏ်ရာရတာတွေရှိနိုင်တယ်။ ထိခိုက်သေဆုံး ၁၀ ဦးကျော်ရှိမယ်” လို့ ပြောပါတယ်။

ရဲစခန်း သုံးဆင့်ဘန်ကာဟာ လက်နက်ကြီးထိမှန်ခဲ့ပေမယ့် ဘန်ကာပြိုကျမှုမရှိလို့ စခန်းကိုဝင်ရောက် မစီးနင်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း PDFမဟာမိတ်တပ်ဖွဲ့ဝင်တွေဘက်က ရဲဘော် ၆ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ၁ ဦးမှာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဗိုလ်မြတ်က ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ၂ဝ၂ တပ်ရင်း၊ M7 PEOPLE’S DEFENSE FORCEတို့ အပါအဝင် မဟာမိတ် ညီနောင်တပ်ရင်းတပ်ဖွဲ့ ၁၅ဖွဲ့လောက်က ပူးပေါင်း တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ရက်နေ့ကနေ ၈ရက်နေ့အထိ ကန်ဒေါင့်ရဲစခန်းကို အကြိမ်ကြိမ်သွားရောက်တိုက်ခဲ့ရာ စခန်းကိုသိမ်းပိုက်လုနီးချိန်အရောက်မှာပဲ စစ်ကောင်စီဖက်က လေယာဉ်ပစ်ကူနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စခန်းကိုမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။