ချောက်နဲ့ ဘုတလင်မှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရ

0 28
0 28

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့နဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ကြားဖြတ်ပစ်ခတ်တဲ့အပြင် မိုင်းဆွဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ချောက်မြို့ကနေ စလေ ခလရ ၄၁၆ ဘက်ကို စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၇၀ လိုက်ပါလာတဲ့ Light truck ကား ၂ စီးကို ဒီဇင်ဘာ ၉ ရက်ညနေ ၄ နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Foce (ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း) ဆီက သိရပါတယ်။

ပုံစာ – ဘုတလင်မြို့နယ်၊ သပြေပင်ရွာက စစ်ကော်မရှင်တပ်တွေကို တိုက်ခိုက်စဉ်။

ချောက်-စလေလမ်းပိုင်းတနေရာ မိုင်း ၁ လုံးဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ချောက်ကနေ စလေ ခလရ ၄၁၆ ကိုထွက်လာတာ၊ ပစ်ခတ်တိုက်ခိုက်တာနဲ့ မိုင်းဆွဲတာကော ၁၅ မိနစ်လောက်ကြာခဲ့တယ်။ မိုင်း ၁ လုံးပဲဆွဲနိုင်ခဲ့တယ်၊ တပ်တွင်းဖရဲသီးသတင်းပေးချက်အရ သူတို့ဘက်က အကောင်ကြီးကြီး ၂ ကောင်ထိသွားတယ်။ သေဆုံးတယ်လို့ ကျနော်တို့သိရတယ်”လို့ Chauk Guerrilla Foce (ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း) စစ်ကြောင်းမှူး ဖြိုးထက်နိုင်က ပြောပါတယ်။

မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ပြီးနောက် ကား ၂ စီးနဲ့ မောင်းပြေးသွားပြီး မိနစ် ၃၀ ခန့်အကြာမှာ အဆိုပါစစ်ကော်မရှင်တပ်တွေက သေနက်တွေပစ်ဖောက်ပြီး လက်နက်ကြီး‌တွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်တာတွေလုပ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chauk Guerrilla Foce (ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း)၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BURMA ARMY နဲ့ Tiger Fighter Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သပြေပင်ရွာမှာလည်း ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်တဲ့နေရာကို လုံခြုံရေးပေးတဲ့ စစ်ကော်မရှင်တပ်တွေကိုပစ်ခတ်ခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းဆီက သိရပါတယ်။

ဒီဇင်ဘာ ၉ ရက် ဘုတလင်မြို့နယ် သပြေပင်ရွာမှာ လုံခြုံရေးပေးတဲ့ အင်အား ၇၀ ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို သပြေပင်ရွာအစပ်မှာ မနက် ၁၀ နာရီ ၁၅ မိနစ်ကနေ ၄၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကြောင်းကတော့ ဘုတလင်မြို့ထဲက ထွက်လာတာဖြစ်ပါတယ်။ ဘုတလင်မြို့ သပြေပင်ရွာစပ်မှာ တိုက်ခိုက်ခဲ့တာ၊ စစ်ကော်မရှင်တပ်စွဲထားတဲ့နေရာနဲ့ ကျနော်တို့ကပ်တဲ့နေရာက သူ့ကင်းပုန်း ကိုယ့်ကင်းပုန်းရှိတဲ့အတွက် မီတာ ၁၀၀ ဝန်းကျင်မှာ ပစ်ခတ်ခဲ့တာ၊ ၄၀ မမတွေနဲ့ကတော့ မီတာ ၂၀၀ လောက်ကနေ ပစ်ကူပေးတာ၊ စနိုက်ပါနဲ့ကတော့ မီတာ ၅၀၀ လောက်ကနေ ထောက်ပေးတာ၊” လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။

ပုံစာ – ဘုတလင်မြို့နယ်၊ သပြေပင်ရွာက စစ်ကော်မရှင်တပ်တွေကို တိုက်ခိုက်စဉ်။

တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးဘဲ ဒဏ်ရာရသူတွေကိုတော့ ကားနဲ့တင်ပြီး ဘုတလင်မြို့ထဲကိုပြန်သွားတယ်လို့ သိရကြောင်း ကိုကြွက်ကလေးက ပြောပါတယ်။

“ဘုတလင်မြို့ သူတို့တပ်စွဲထားတဲ့ စာသင်‌ကျောင်းနဲ့ သပြေပင်ရွာက နီးနီးလေးပါ၊ ကွက်သစ်တခုပဲ ခြားတာ၊ ရွေးကောက်ပွဲလည်းရှိတယ်၊ လုံခြုံရေးအတွက်လာတာဖြစ်တယ်၊ အဲ့ဒီစစ်ကော်မရှင်စစ်ကြောင်းဟာ ဘုတလင်မြို့ စာသင်ကျောင်းထဲမှာ ၄ နေရာတပ်စွဲထားတဲ့နေရာကထွက်လာတာ ဖြစ်တယ်၊ ဘယ်တပ်ကဆိုတာ အတိအကျမသိရပေမဲ့ အင်အား ၇၀ ပါပြီး ဘုတလင်မြို့ပေါ်မှာ မြို့စောင့်တပ်သဘောနေတာကြာပြီ” လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းက ဘုတလင်မြို့ထဲကနေ အင်အားတပ်ကူခေါ် ပြီး တိုက်ပွဲဖြစ်တဲ့ နေရာကိုလာကာ ည ၆ နာရီ ၂၅ မိနစ်လောက်မှာ ဘုတလင်မြို့ထဲကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း၊ ညောင်ဦး ခရိုင် တပ်ရင်း ၃၊ ဘုတလင် မြို့နယ် ပကဖ၊ (BA)ဗားမား အာမီ တပ်ရင်း ၁၊ ပြည်သူ့အသံ တိုက်ခိုက်ရေးအဖွဲ့နဲ့ ဒီပဲယင်း ဗိုလ်တောက်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကလည်း ဘုတလင်မြို့နယ်၊ သာစည်ရွာရဲစခန်းမှာရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။