မတ္တရာမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

0 23
0 23

မတ္တရာ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နတ်ကြီးစင်ကျေးရွာမှာ လက်နက်ကြီးကျရောက်ထိမှန်ပြီး ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့လယ် ၁၂ နာရီခန့်မှာ နတ်ကြီးစင်ကျေးရွာနဲ့ ၃ မိုင်ခန့်အကွာရှိ စကျင်ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကော်မရှင်တပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ကျေးရွာထဲကို ၅ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ရွာထိပ်ကျတာကကျ ဒဏ်ရာရတယ်။ လူနေခြံဝင်းထဲလည်းကျတယ်။ အသွားအလာတွေထိတယ်။ ဒဏ်ရာရ ၄ ဦးက ချက်ချင်းကယ်ဆယ်ရေးပြုလုပ်သွားတော့ အသေးစိတ်မသိလိုက်ရဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ ရမ်းသမ်းပစ်တာ”လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်ပြီး အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေး ၁ ဦး၊ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦးနဲ့ အသက် ၃၅ နဲ့ ၅၀ အရွယ် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦးနေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသား ၂ ဦးအပါအဝင် ၄ ဦးဒဏ်ရာရပြီး စစ်ကော်မရှင်စစ်ကြောင်းက ရွာအနီးမှာ ကပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးမလုပ်နိုင်သေးဘူးလို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

နတ်ကြီးစင်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်နဲ့ ဒေသခံ ၇၀၀ ဝန်းကျင်ရှိပြီး စစ်ကော်မရှင်ဘက်က ပစ်ခတ်နေတာကြောင့် ဒေသခံတွေလည်းနေရပ်ကတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အင်အား ၁၅၀ ခန့်ပါတဲ့အထက်ပါစစ်ကြောင်းဟာ နိုဝင်ဘာ ၂၀ ရက်ကတည်းက စကျင်ရွာကို ရောက်ရှိနေပြီး ပတ်လည်အင်း၊ နတ်ကြီးစင်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေဘက်ကို ရက်ခြားဆိုသလို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်ကလည်း မတ္တရာမြို့နယ်၊ ပတ်လည်အင်းရွာက ဓာတ်ဆီဆိုင်ဗုံးကြဲခံရလို့ပြည်သူ ၁ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။