ခွန်ပွန်နွိုင်းကို သန့်ဇင် အမှတ်နဲ့ရှုံး (အားကစားသတင်း)

0 25
0 25

မြေလတ်အသံ၊ နိုဝင်ဘာ ၇၊ ၂၀၂၅။

ယနေ့ညယှဉ်ပြိုင်နေတဲ့ One Friday Fight 132 ပွဲစဉ်ရဲ့ ဖလိုင်းဝိတ်တန်း မွေထိုင်းပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်းကို မြန်မာဖိုက်တာ သန့်ဇင်က အမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်းက သူ့ရဲ့ပုံစံအတိုင်း ဘယ်ခြေအမြင့်ကန်ချက်တွေကို အဓိကအသုံးပြုတိုက်ခိုက်ခဲ့ပြီး ပထမအချီမှာ သန့်ဇင်ရဲ့ အနီးကပ် ဘယ်ထောက်လက်သီးတွေကြောင့် ခွန်ပွန်နွိုင်း အခက်တွေ့ခဲ့ရပေမယ့် သန့်ဇင် အတွက်လည်း ခွန်ပွန်နွိုင်းရဲ့ အမြင့်ကန်ချက်တွေက အန္တရာယ်များခဲ့ပါတယ်။

ဒုတိယအချီမှာတော့ ခွန်ပွန်နွိုင်းက ဘယ်ခြေအမြင့်ကန်ချက်တွေအပြင် အောက်ခြေခတ်တာနဲ့ လက်သီးတွဲလုံးပါ သုံးခဲ့တာကြောင့် သန့်ဇင်အတွက် အနားကပ်ဖို့ခက်ခဲခဲ့ပြီး သန့်ဇင်ရဲ့ ထိုးချက်အချို့ကလည်း ထိချက်ကောင်းမရရှိခဲ့ပါဘူး။

တတိယအချီမှာလည်း ခွန်ပွန်နွိုင်းက သန့်ဇင်ကို အကပ်မခံတော့ဘဲ အကွာအဝေးထိန်းကစားခဲ့ပြီး ခြေကန်ချက်တွေကိုပဲ အဆက်မပြတ်သုံးခဲ့ကာ ပွဲကို စိတ်ကြိုက်ထိန်းချုပ်ကစားသွားခဲ့ပါတယ်။

သုံးချီအပြီးမှာတော့ ဒိုင်သုံးဦးလုံးရဲ့ အဆုံးအဖြတ်နဲ့ ခွန်ပွန်နွိုင်းက အနိုင်ရရှိခဲ့ပြီး သန့်ဇင်ကတော့ ဒီရှုံးပွဲကြောင့် One Friday Fight မှာ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၆ ပွဲမှာ ၂ ပွဲပဲ အနိုင်ရရှိခဲ့တာပါ။

ယနေ့ယှဉ်ပြိုင်နေတဲ့ One Friday Fight 132 မှာ စိုးနောင်ဦး၊ သန့်ဇင်နဲ့ ဘရော်နီကာတို့ ပါဝင်ထိုးသတ်နေတာဖြစ်ပြီး စိုးနောင်ဦးကတော့ ပြိုင်ဘက်ထိုင်းဖိုက်တာ မိုင်ဆန်ဂျန်ကို အနိုင်ရရှိခဲ့ကာ ကယန်းကျားသစ်မယ် ဘရော််နီကာ ကတော့ တရုတ်ဖိုက်တာ လီမင်ဂူရီ နဲ့ ဒုခေါင်ပွဲအဖြစ် ထိုးသတ်သွားမှာဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။