11 July 2026 2:10 AM

ရေတာရှည်မှာတိုက်ပွဲဖြစ်ပြီး စစ်ကြောင်းထိုးမီးရှို့လို့ ဒေသခံထောင်ချီတိမ်းရှောင်နေရ

0 13
0 13

ရေတာရှည်၊ နိုဝင်ဘာ ၂၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းဘက်က ကျေးရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့တာနဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့လည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တခုရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်ကစလို့ အိမ်ခြေ ၁၀၀ ကနေ ၅၀၀ ကြားရှိတဲ့ ရေလွှဲ၊ ပိန္နဲပင်၊ ကဲလင်းဆိပ်၊ ရွှေသောင်၊ ရွာသစ်၊ ကျောင်းကုန်း၊ ကျောက်ပုံ၊ သစ်နံသာ၊ ပိန္နဲပင်ဆိပ်ရွာတွေက ဒေသခံ ၄,၀၀၀ ခန့်ဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။

“စစ်ကြောင်းစဝင်ကတည်းက နီးစပ်တဲ့ရွာတွေက တဖြည်းဖြည်းနဲ့ပြေးနေရတယ်။ စစ်ကြောင်းကနေ ရွှေသောင်ထိရောက်နေတယ်။ ညကတော့ မီးရှို့သေးတယ်။ မနေ့က အဲ့နားမှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်သေးတယ်။ စစ်ကြောင်းဝင်လာကတည်းကဆို ၄ ကြိမ်လောက် ထိတွေ့(တိုက်ပွဲ)ဖြစ်ထားတယ်။”လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်မှာ ရေတာရှည်မြို့ဘက်ကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ရေလွှဲကျေးရွာအနီးမှာ ၁ ကြိမ်၊ အောက်တိုဘာ ၂၇ ရက်က ပိန္နဲပင်ဆိပ်ကျေးရွာမှာ ၂ ကြိမ်၊ နိုဝင်ဘာ ၁ ရက်က ရွှေသောင်ရွာနဲ့ သစ်နံသာကျေးရွာကြားမှာ ၁ ကြိမ် စုစုပေါင်း တိုက်ပွဲ ၄ ကြိမ်အထိဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားမှု ၄ ကြိမ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရထားကာ စစ်ကော်မရှင်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးထားတယ်လို့ ဆိုပါတယ်။

ဒါ့အအပြင် စစ်ကြောင်းထိုးနေစဥ်ကာလအတွင်း စစ်ကော်မရှင်တပ်က ပိန္နဲပင်ကျေးရွာက နေအိမ် ၁၅ လုံး၊ ရွှေသောင်က နေအိမ်အချို့ကိုလည်းမီးရှို့ခဲ့ပြီး ပျက်စီးမှုအရေအတွက်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

နိုဝင်ဘာလ ၂ ရက်မှာတော့ ရွှေသောင်ကျေးရွာထဲမှာ စစ်ကော်မရှင်တပ်က အင်အားအချို့ကို ချန်ထားကာ ကျန်အင်အားတွေကတော့ နောက်ပြန်ဆုတ်သွားတယ်လို့ သတင်းရထားပေမယ့် အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၀ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ အင်အား ၆၀ ကျော်နဲ့ ၁ နှစ်ကြာတပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်းမှာ ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။