ရခိုင်ကိုပို့ခံရတဲ့ တပ်ကြပ်ကြီး လမ်းမှာထွက်ပြေးပြီး ဘက်ပြောင်းလာ

0 27
0 27

၁ လအတွင်း မုံရွာပကဖ ဆီဘက်ပြောင်းလာသူ ၃ ဦးထိရှိ

မြေလတ်အသံ၊ အောက်တိုဘာ ၃၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် မုံရွာမြို့နယ်ပကဖဆီကို ရခိုင်စစ်မြေပြင်ကို ပို့ဆောင်ခံရမယ့် စစ်ကြောင်းက စစ်ကော်မရှင်တပ်က တပ်ကြပ်ကြီး ၁ ဦးထွက်ပြေးကာ ဘက်ပြောင်းခိုလှုံလာခဲ့ကြတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

အသက် ၅၀ ကျော်အရွယ်ရှိတပ်ကြပ်ကြီးဖြစ်သူဟာ ကလေးမြို့အခြေစိုက် အမှတ် ၆ ဆက်သွယ်ရေးတပ်ကဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်မှာ မုံရွာမြို့နယ်ပကဖ အမှတ်-၂ တိုက်နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ ဘက်ပြောင်းလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုလူက ပြည်အရောက်မှာ ထွက်ပြေးလာတာပြောတယ်။ သေနတ်မပါဘူး။ ဒီကောင်တွေက စကခ ၁၀ အနေနဲ့ အင်အားသွားပေါင်းပေးရတာ။ သူတို့ Target Point ကို မရောက်သေးခင် ထွက်ပြေးလာတာဗျ။ ရခိုင်မှာ ထိုးစစ်လုပ်ဖို့ တပ်မ ၆၆ ကို အင်အား ဖြည့်ပေးဖို့ စကခ ၁၀ နဲ့အတူ ပါသွားတာဗျ”လို့ မုံရွာမြို့နယ် ပကဖတာဝန်ရှိသူကပြောပါတယ်။

အဲဒီတပ်ကြပ်ကြီးဟာ ကလေးမြို့နယ် အခြေစိုက် စကခ ၁၀ စစ်ကြောင်းနဲ့အတူ ပြည်မြို့နယ်အခြေစိုက် တပ်မ ၆၆ ကို အင်အားသွားပေါင်းပြီး ပြည်မြို့ကနေတဆင့် ကျောက်ဖြူမြို့ကို လေယာဥ်နဲ့ ရှေ့တန်းထွက်သွားရမှာ ဖြစ်တယ်လို့ ၎င်းရဲ့ပြောဆိုချက်ကို ကိုးကားပြီး ပကဖတာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါ အင်အား ၁၀၀ ပါ စစ်ကြောင်းဟာ ကလေးမြို့ကနေတဆင့် ကားနဲ့ တပ်မ ၆၆ ကိုထွက်ခွာလာချိန် ပြည်မြို့ နယ်တနေရာအရောက်မှာ တပ်ကြပ်ကြီး ၁ ဦးတည်းက ထွက်ပြေးလာခဲ့တာလို့ သူကဆိုပါတယ်။

ခုလိုထွက်ပြေးလာခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စစ်ရေးလုံခြုံရေးအရ ထုတ်ဖော်ပြောပြလို့မရသေးကြောင်း အထက်ပါ တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာ ရွှေဂူနီဘုရားပေါ်မှာတပ်စွဲထားတဲ့စခန်းက အသက် ၂၅ နဲ့ ၄၀ အရွယ် စစ်ကော်မရှင် တပ်သား ၂ ဦး လက်နက် ၂ လက်ယူဆောင်ပြီး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ အောက်တိုဘာ ၂၈ ရက်မှာ မုံရွာမြို့နယ် ပကဖ ကထုတ်ပြန်ခဲ့ပါတယ်။

“အစကတည်းက ပေါ်တာဆွဲခံခဲ့ရတာဆိုတော့ အခွင့်အရေးရရင် ပြေးချင်ကြတာပါပဲ။ သူတို့ စိတ်ဆန္ဒမှ မပါကြတာ။ တဦးက ၃၃ ကနေ ကသာ ခမရ ၃၀၉ ကျတယ်ဆိုပြီး ကသာထိ မရောက်သေးဘဲ ဒီဘက်မှာ သုံးနေတာ။ နောက်တယောက်ကတော့ ဘယ်တပ်တာဝန်ကျတယ်လို့ကို သူကိုယ်တိုင် မသိရဘူးဗျ”လို့ မုံရွာမြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

သင်တန်းဆင်းပြီးနောက် ၂ ဦးစလုံးက စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ကိုတာဝန်ကျလာခဲ့ကာ အဲ့ဒီကတဆင့် တခြားတပ်ရင်းတွေကိုပြောင်းရွှေ့ဖို့ အမိန့်ချခံထားရပြီး သက်ဆိုင်ရာတပ်တွေကို မရောက်ခင်ကြား ရွှေဂူနီဘုရားပေါ်မှာတာဝန်ကျနေကြချိန်မှာ Titans Force Monywa- အမှတ် (၂) တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ကာဘက်ပြောင်းလာတာလို့ ၎င်းတို့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး မုံရွာပကဖတာဝန်ရှိသူက ပြောပါတယ်။

ဘက်ပြောင်းလာချိန် တပ်သား ၂ ဦးမှာ ၎င်းတို့ကိုင်ဆောင်ရတဲ့ MA 3 ၁ လက်၊ MA 11 ၁လက် စုစုပေါင်း သေနတ် ၂ လက်ပါရှိခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိမှာ ဘက်ပြောင်းလာသူ ၂ ဦးကို စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ဟာ စစ်ရာဇဝတ်မှုကျူးလွန်ထားတာ မရှိတာကြောင့် ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားကာ သူတို့ဖြစ်ချင်တဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။