26 July 2026 5:34 PM

ဆောက ၁၃ နှစ်မိန်းကလေးကို အဓမ္မပြုသတ်ခဲ့သူကို ဖမ်းဆီးစစ်ဆေးနေ (ရုပ်/သံ)

0 14
0 14

မြေလတ်အသံ၊ အောက်တိုဘာ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ဆောမြို့က အသက် ၁၃ နှစ် အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ကာ သတ်ပြီး အလောင်းဖျောက်သူကို NUG အစိုးရဲ့ ဆောမြို့နယ်ပကဖ၊ ပလဖနဲ့ ပအဖပူးပေါင်းအဖွဲ့တွေက ပူးပေါင်းဖမ်းဆီးခဲ့တယ်လို့ ဆောမြို့နယ်ပအဖနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အသတ်ခံရသူမှာ ဆောမြို့၊ သီရိ(ရတနာ)ရပ်ကွက်မှ ၁၃ နှစ်အရွယ် မအေးငြိမ်းလင်းဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်က ပျောက်ဆုံးခဲ့ပြီးနောက် သေဆုံးနေတဲ့ ရုပ်အလောင်းကို ဆောမြို့ပြည်သူ့ ဆေးရုံရဲ့ အခန်း ၁ ခန်းမှာ အောက်တိုဘာ ၂၅ ရက်မနက်ပိုင်းက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“၂၅ ရက်နေ့မှာ အနီးအနားက ပြည်သူ ၁ ဦးက တွေ့တာပါ။ အပုပ်နံ့ထွက်နေလို့သွားကြည့်ရင်းကနေ တွေ့တာပါဗျ။ ဆေးရုံက ပိတ်ထားတာကြာပြီဗျ။ အာဏာသိမ်းမှုဖြစ်စဉ် CDM တွေလုပ်ချိန်ကတည်းကဗျ” လို့ ဆောမြို့နယ်ပအဖနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုးကို အောက်တိုဘာ ၂၅ ရက်ညနေ ၄ နာရီကျော်မှာ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးမေးမြန်းချက်အရ ၎င်းဟာ မအေးငြိမ်းလင်းကို အဓမ္မပြု သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တယ်လို့ ‌၀န်ခံထွက်ဆိုထားကြောင်း ဆောမြို့နယ်ပအဖနဲ့နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။

မင်းမင်းစိုးဟာ ယခင်ပြစ်မှုကျူးလွန်းခဲ့ဖူးသူဖြစ်ပြီး ဖမ်းဆီးခံထားရာက ထွက်ပြေးလွတ်မြောက်နေသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“တရားခံက အရင်ကလည်း အလားတူပြစ်မှုကျူးလွန်ထားလို့ အဖမ်းခံထားရတာနေမှ ထွက်ပြေး လွတ်မြောက်နေသူဖြစ်တယ်။ တပ်ရင်းခုခုမှာ အရင်တုန်းက တာဝန်ထမ်းဆောင်ဖူးတာ ရှိခဲ့တယ်။ အခုကတော့ တပ်ရင်းနဲ့သက်ဆိုင်မှုမရှိဘူးလို့ သိရတယ်” လို့ သူကဆိုပါတယ်။

ဒီပြစ်မှုအတွက်ဘယ်လိုမျိုး ပြစ်ဒဏ်ချမှတ်သွားမယ်ဆိုတာနဲ့ အခြေအနေအသေးစိတ်ကို သိရဖို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မြေလတ်အသံကဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျူးလွန်သူကို သေဒဏ်အမိန့်ချမှတ်ဖို့ အောက်တိုဘာ ၂၆ ရက် မနေ့ကနေ့လယ် ၃ နာရီဝန်းကျင်မှာ ဆောမြို့ခံပြည်သူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၇ ရက်မနက်ပိုင်းမှာလည်း ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ အသက် ၁၁ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို ပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုတဲ့ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။

စာတည်း – လင်း၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။