အပူရှိန်ပြင်းလို့ ယူနီဖောင်းဝတ်ရတဲ့ အမျိုးသမီးရဲဘော်တွေ ကျန်းမာရေးပြသာနာတွေ ရင်ဆိုင်နေရ

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၂၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ အပူရှိန်ပြင်းနေပြီး ၄၀ ဒီဂရီကနေ ၄၅ ဒီဂရီအကြားထိ ရှိနေတာကြောင့် ယူနီဖောင်းတွေနဲ့ လှုပ်ရှားသွားလာနေရတဲ့ အမျိုးသမီးရဲဘော်တွေမှာ ကျန်းမာရေးပြသာနာတွေ ရှိလာတယ်လို့ သိရပါတယ်။

အပူဒဏ်ကြောင့် ဆီးကျင်တာ၊ ယူနီဖောင်းတွေ ကြာရှည်ဝတ်ထားရလို့ ယားနာဖုတွေ ပေါက်တာ၊ ချွေးထွက်လွန်ပြီး မူးဝေတာ၊ အစားမစားနိုင်တာနဲ့ အခြား အမျိုးသမီးကိစ္စ ပြဿနာလေးတွေ ရှိနေတယ်လို့ မြောင်မြို့နယ်အခြေစိုက် T. G. R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Women Drone Force က ကျားခင်စိန်က ပြောပါတယ်။

“ပူလို့ အမျိုးသားတွေက ကြိုက်သလိုနေလို့ရပေမယ့် အမျိုးသမီးရဲဘော်တွေကျတော့ သူတို့လိုနေလို့ မသင့်တော်ဘူးလေနော်။ အိမ်မှာကျ ကြိုက်သလို ဝတ်စားနေလို့ရပေမယ့် ခုက အမျိုးသားတွေနဲ့ဆိုတော့ မရဘူးလေ။ ကျန်းမာရေးကိစ္စသွားတာက အစ ခုလိုရာသီနဲ့က အဆင်မပြေဘူး။ ရေသောက်ရင်တောင် ရေပူတွေ သောက်နေရသလိုကို ဖြစ်နေတာ။ ခုလိုအပူရှိန်ပြင်းချိန်က အမျိုးသမီးရဲဘော်တွေအတွက်က တော်တော်လေး ခက်ခက်ခဲခဲဖြတ်သန်းနေရတယ်” လို့ ပြောပါတယ်။

အပူရှိန်ပြင်းချိန် အ​ခြားတပ်ဖွဲ့တွေက အမျိုးသမီးရဲဘော်တွေအနေနဲ့ ပေါ့ပါးလုံခြုံ အမြင်သင့်တော်တဲ့ အဝတ်အစားဝတ်ဆင်ပြီး၊ အဆင်ပြေမယ်ဆိုပါက အရိပ်ရနေရတွေမှာ နေထိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။

T. G. R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Women Drone Force မှာတော့ အ​မြင်မသင့်တော်တဲ့ ဒူးပေါ်ဘောင်းဘီတွေ၊ လည်ဟိုက်အကျီတွေကို ဝတ်ဆင်ခွင့်ကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ရာသီဥတုပူပေမယ့် ပေါ့ပါးလွတ်လပ် အမြင်သင့်တော်မယ့် အဝတ်အစား၊ ဦးထုပ်တွေမရှိဘဲ လှူဒါန်းပေးပို့မယ့်သူတွေလည်း နည်းတာကြောင့် အဆင်ပြေမယ့် အဝတ်အစားတွေကိုသာ ဝတ်ဆင်နေရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှာ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေဟာလည်း လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာကြပြီး ရရာကဏ္ဍကနေ ပါဝင်တိုက်ခိုက်နေကြတာပါ။

အလားတူ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ အပူချိန်မြင့်မားလာတဲ့အတွက် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘေးရှောင်တွေမှာ သောက်သုံးရေ ရှားပါးလာတာနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတာ၊ အပူရှပ်ရောဂါလက္ခဏာတွေလည်း အဖြစ်များနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။