ရိက္ခာသယ်လာတဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်း

0 30
0 30

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ပခုက္ကူ၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဉ်ကွင်းဆီကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်ကော်မရှင်အင်အား ၂၀ ပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခဲ့တယ်လို့ Southern YSO PDF ဆီက သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့လယ် ၁ နာရီ ၂၃ မိနစ်မှာ ပခုက္ကူလေယာဉ်ကွင်းဆီကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ပခုက္ကူလေယာဉ်ကွင်းနဲ့ မြောက်လူးကန်ကြားမှာ ကြားဖြတ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့က အနီးကပ်တိုက်ခိုက်တာ၊ ပွိုင့်တွေလည်းခွဲထားတယ်၊ ပွိုင့်တပွိုင့်က သူတို့ရှေ့ပြေးကင်းနဲ့ တွေ့တယ်၊ ရှေ့ပြေးကင်းနဲ့ဆို ဝါးရင်းဒုတ်နဲ့ ထွက်ရိုက်လို့ရတယ်၊ ၁၀ တောင် ၁၅ တောင်လောက် ကွာတော့တာ၊ နောက်ကပွိုင့်ကလည်း ပစ်တဲ့သူကပစ်ပါ၊ ရှေ့ပြေးပွိုင့်ကလည်း ပစ်တဲ့သူကပစ်ပါ၊ နောက်ပွိုင့်ကတော့ နည်းနည်းဝေးတယ်၊ မီတာ ၁၀၀ လောက်ဝေးတဲ့အနေအထားပါ၊” လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်းဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး ပြန်လည်ပစ်ခတ်မှုတွေရှိတာကြောင့် လက်နက်အားလုံးကိုမကောက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ သေနတ်ကတော့ ၂ လက်ပဲကောက်နိုင်တယ်။ နောက်ပွိုင့် ယာတခင်းကျော်မှာ သေနေတဲ့ ကောင်တွေဆီက သေနက်ကကောက်လို့မရဘူး၊ ကျနော်တို့ ရှေ့မျက်နှာ မီတာ ၃၀၀ အကွာက လေယာဉ်ကွင်းက ပစ်နေတယ်။ လေယာဉ်ကွင်းက ပွိုင့် 5 တွေ လက်နက်ငယ်တွေနဲ့ ပစ်နေတာ၊ ကျနော်တို့ အလောင်းတွေ မြင်နေရပေမဲ့လက်နက်ကောက်ခွင့်မသာခဲ့ဘူး။ ကျနော်တို့ ၂ ခုကြားမှာ ပဲလှော်သလိုလုပ်နေရတာ။ ရအောင်တော့ ဖောက်ထုတ်ခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် စစ်ကော်မရှင်ဘက်က MA1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၅၀ ‌တောင့်၊ အူစီ ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၅ တောင့် တို့ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး လက်ကိုကျည်ဖောက်မှန်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပခုက္ကူ ခလရ ၂၅၉၊ တပ်မ ၁၀၁ စစ်ကော်မရှင်တပ်တွေ၊ ပခုက္ကူမြို့မ ရဲစခန်းက ရဲတွေနဲ့ ပြည်သူ့စစ်တွေပါဝင်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Southern Yeasgyo တပ်ပေါင်းစု၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group(YRG)၊ ပြည်သူ့အားမာန်PDF၊ King Cobra နဲ့ ဒေါင်းစစ်သည် တွေက လုပ်ဆောင်ခဲ့တာပါ။

စက်တင်ဘာ ၂၂ ရက် ၁ နာရီခွဲဝန်းကျင်မှာလည်း ပခုက္ကူမြို့၊ ရထားဘူတာအနီး ကွန်ကရစ်ဇလီဖားစက်ရုံမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။