ကန့်ဘလူ၊ အင်းလယ်ကြီးရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့

0 1
0 1

ကန့်ဘလူ၊ ဧပြီ ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီလ ၃ ရက်မနေ့က ညနေ ၄ နာရီလောက်မှာ ရွာထဲကို လက်နက်တွေ ပစ်ခတ်ဝင်ရောက်လာပြီးနောက် နေအိမ်တွေကို မီးရှို့ခဲ့တာလို့ အင်းလယ်ကြီးရွာသားတဦးက ပြောပါတယ်။

“ထိတွေ့တိုက်ပွဲတွေ မရှိပါဘူး။ သူတို့က ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ပြီးမှ ရွာထဲကိုဝင်တာ။ ပျူတွေနဲ့ရောပြီး လာတာ။ ရွာထဲကိုဝင်ပြီးတော့ ရွာသားတွေရဲ့အိမ်တွေမွှေတယ်။ ပြီးမှ ရွာထဲက အိမ်တွေ မီးရှို့ပြီးတယ်။ ရွာထဲမှာလည်း တညအိပ်သွားတယ်” လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကို မသိရှိရသေးသလို၊ ရွာသားတွေလည်း ရွာထဲကို ဝင်ရောက်နေထိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ အင်းလယ်ကြီးရွာဟာ အခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့တွေက အိမ်ခြေ ၁၃၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ခုလိုမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တွေဟာ ဒီနေ့မနက် ၇ နာရီလောက်မှာတော့ အင်းလယ်ကြီးရွာ နဲ့ ၉ မိုင်ကျော်ဝေးတဲ့ ၆၀၀၆ တင့်ကားတပ်ထဲကို ပြန်ဝင်သွားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းလယ်ကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်အုပ်စုဟာ အခုနှစ် ဧပြီလ ၂ ရက်က ထန်းကုန်းတိုက်နယ်ရှိ ဉာဏ်အင်းရွာက နေအိမ် ၄၀ လောက်ကို မီးရှို့ခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကလည်း ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်ကြီးရွာက နေအိမ် ၃၀ ကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် သက်တော် ၆၀ နှစ်ရှိ ကျောင်းထိုင်ဆရာတော် ဥူးသောမလ ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၃၅ နှစ်အရွယ် ကိုမျိူးမင်းဦး (ခ) ကိုထွန်းမင်းဦးကိုလည်း မီးရှို့သတ်ခဲ့ပါသေးတယ်။

ပုံစာ – ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက အင်းလယ်ကြီးရွာကို စစ်အုပ်စုမီးရှို့ခဲ့စဥ်။ (ပုံဟောင်း)

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။