ဂန့်ဂေါစစ်ဘေးရှောင်တွေကို ဆန်နဲ့လူသုံးကုန်တွေ ထောက်ပံ့

0 4
0 4

ပုလဲ၊ မတ် ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကို စစ်ရှောင်လာနေရတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ဒေသခံတွေကို ဆန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီထောက်ပံ့မှုကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုယ်စားသွားရောက်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ပုလဲမြို့နယ်ထဲရှိ ကန့်သက်စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေကို အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ကူညီခဲ့တယ်။ မိုးရွာလာရင် အဲဒီဘက်လမ်းတွေက သွားရတာ မလွယ်ကူဘူး။ ရိက္ခာသွားပို့ဖို့လည်း ခဲရင်းတယ်။ မိုးတွင်းကာလ မကျမှီ ကျနော်တို့က ရိက္ခာကိုကြိုတင်ပြီး‌တော့ သူတို့ကို စုဆောင်းပေးထားတာ” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဇော်ထက်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကိုခံခဲ့ရတဲ့ ဂန့်ဂေါမြို့နယ်အတွင်းက စစ်ဘေးရှောင် အိမ်ထောင်စု ၅၉ စုကို ထောက်ပံ့ခဲ့တာဖြစ်ပြီး Western Chindwin Association (WCA)၊ Beyond The Chindwin Organization နှင့် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့တို့က လှူဒါန်းတဲ့ ဆန်အိတ် ၆၀ နဲ့ မိုးကာ၂၀၊ ယောင်္ကျားဝတ်ဘောင်းဘီ ၁၆၀၊ ခေါင်းအုံး ၂၀၀၊ ရွှေဝါဆပ်ပြာတောင့် ၁၆၀၊ ဆပ်ပြာမှုန့်ထုတ် ၁၀၀ နဲ့ ကျောင်းသုံးဗလာစာအုပ်တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် “ဂန့်ဂေါ မြို့နယ်ထဲကနေ ရွာလုံးကျွတ်ထွက်ပြေးလာကြပြီး ကျောင်းသူကျောင်းသားတွေ CDM ဆရာ ဆရာမတွေလည်း ပါလာတယ်။ သူတို့စစ်ရှောင်စခန်းနေရာမှာပဲ စာသင်ကြားပေးနိုင်အောင် ယာယီကျောင်းဆောင်တွေ ဆောက်ပေးထားတယ်” လို့ ကိုဇော်ထက်က ပြောပါတယ်။

လက်ရှိမှာ ပုလဲမြို့နယ်ထဲ ကန့်သက်စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၅၉ စု နဲ့ လူဦးရေ ၂၄၇ ဦးရှိပြီး NUG အစိုးရရဲ့ကြားကာလပညာရေးကျောင်းကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။