မတ္တရာ၊ ဇူလိုင် ၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်စလစ်ဘုရားကုန်းကျေးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရတယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၃ ရက် ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ကျေးရွာထဲကို ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချပြီးနောက် မိနစ်ပိုင်းအကြာမှာ မစ်ဇိုင်းလက်နက်ကြီးတွေနဲ့ ၇ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

” ၁ လုံးက အိမ်ပေါ်တည့်ကျတော့ အိမ်ကတစစီဖြစ်သွားတယ်။ ၁ လုံးကကျတော့ အိမ် ၁ ခြမ်း ကျတာ။ ကလေးရက် ၁၀၀ ပြည့်မွေးနေ့လုပ်ဖို့ ကြိုတင်ပြင်ဆင်နေကြတဲ့အိမ်ကိုကျတာ။ ကျနော်တို့ သွားတော့ လမ်းဘေးမှာ ၂ ယောက်သေတယ်။ ဆေးရုံမှာ ကလေး ၁ ယောက်သေတယ်”လို့ မတ္တရာမြို့နယ်ပကဖတာဝန်ခံကပြောပါတယ်။
လေယာဥ်ဗုံးထိမှန်တာနဲ့လက်နက်ကြီးထိမှန်တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦး၊ အသက် ၇၅ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွေးကင်းစကလေးငယ် ၁ ဦး၊ အသက် ၁၀ အရွယ် ကလေး ၁ ဦး၊ အသက် ၃၀ ကနေ ၇၀ ကြား အမျိုးသမီး ၄ ဦးနဲ့ အသက် ၄၀ ကနေ ၆၀ ကြား အမျိုးသား ၆ ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ပါတယ်။
“လေယာဥ်က ချပြီးတာနဲ့ အလုံးတွေကလိုက်တော့မယ်ဆိုတာ သိတာနဲ့အတွင်းထဲထိ ရောက်အောင်တော့ မသွားလိုက်ရဘူး။ သွားကြည့်ပြီးပြန်လှည့်တာ ကားပေါ်မှာတင် အလုံးတွေကကျော်ကျော်ပြီးကျနေတာ။ လေယာဥ်ချပြီးရင် ကယ်ဆယ်ရေးတွေဝင်မှာ သူတို့ကသိတယ်လေ။ အဲ့ဒါကြောင့် ဒုံးတွေနဲ့ပိတ်ထုတာ”လို့ မတ္တရာမြို့နယ်ပကဖတာဝန်ခံက ဆက်ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတာနဲ့ လက်နက်ကြီးတွေပစ်ခတ်တာကြောင့် အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၁,၀၀၀ ခန့်ရှိတဲ့ကျေးရွာက ပြည်သူထက်ဝက်ကျော်ဟာ ကျေးရွာကနေထွက်ပြေးခဲ့ရပြီး ဇူလိုင် ၄ ရက်မှာတော့ ကျေးရွာထဲပြန်ဝင်ဖို့ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
ဇွန် ၂၃ ရက်ကလည်း မတ္တရာမြို့နယ်၊ ဥက္ကံကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း