27 July 2026 10:35 AM

အလှူပွဲမှာဖြစ်တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး ဝက်လက်ရပ်ကျေး ပသုံးလုံးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံရ

0 19
0 19

ဝက်လက်၊ မတ် ၂၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးပြားရွာအလှူပွဲမှာဖြစ်ခဲ့တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး အောင်ချမ်းသာရွာ ရပ်ကျေးပကဖ၊ ပအဖအဖွဲ့ဝင် ၃ ဦးနဲ့ ရုန်းသာရွာသား ၄ ဦးတို့ကို ဖမ်ဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေနဲ့ ဝက်လက်မြို့နယ်ပလဖတာဝန်ခံဆီက သိရပါတယ်။

ဖြစ်စဥ်မှာပါဝင်တဲ့ အောင်ချမ်းသားရွာပအဖတာဝန်ခံ ဦးတင်မိုး၊ ပကဖတာဝန်ခံ ကိုချက်ကြီး၊ ပကဖအဖွဲ့ဝင် ကိုသိန်းဝင်းတို့ကို မတ်လတတိယပတ်အတွင်းမှာ ဖမ်ဆီးခဲ့တာဖြစ်ပြီး မတ်လ ၂၆ ရက်မှာ ရုန်းသာကျေးရွာက အသက် ၂၀ ကျော်အရွယ်ရှိ ဒူးဝါး၊ အောင်ခန့်နိုင်၊ အောင်မြတ်စိုး၊ ဇင်ကိုလွင်တို့ကို ဆက်လက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“အလှူမှာ အဖွဲ့လိုက်ရန်ဖြစ်ကြတာလေ။ အုပ်ချုပ်ရေးအဖွဲ့တွေဘက်ကလည်း ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ အုပ်ချုပ်ရေးမှူးကလည်း တရားလိုလုပ်ပြီး အမှုပြန်ဖွင့်ထားတော့ ကျနော်တို့ဘက်က ပြန်ထိန်းထားတယ်။ ဟိုဘက်က ပအဖ၊ ပကဖတွေလည်းဖမ်းထားပြီ။”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ညပိုင်းမှာ ဝက်လက်မြို့နယ်၊ ကျီးပြားရွာမှာပြုလုပ်တဲ့ ရှင်ပြုအလှူ ၁ ခုမှာ ကခုန်နေကြတဲ့ ရုန်းသာရွာသားတွေနဲ့ အောင်ချမ်းသာရွာသားတွေအကြား စကားများရန်ဖြစ်ရာက အောင်ချမ်းသာရွာပအဖတာဝန်ခံ ဦးတင်မိုး၊ ပကဖတာဝန်ခံ ကိုချက်ကြီး၊ ပကဖအဖွဲ့ဝင် ကိုသိန်းဝင်းတို့ အပါ လူ ၂၀ ကျော်က ရုန်းသာရွာသားတွေဖြစ်တဲ့ အောင်ခန့်နိုင်၊ ခန့်သူရကျော်၊ သက်နောင်ထွန်း၊ ဇင်ကိုလွင် တို့ ၄ ဦးကို ဓား၊ စကေဘာတွေနဲ့ ထိုးနှက်ခဲ့တာပါ။

အခင်းဖြစ်ပြီးနောက် ရုန်းသာရွာသားတွေကို ဓါးနဲ့ထိုးခဲ့သူတွေဖြစ်တဲ့ အောင်ချမ်းသာရွာက ဦးတင်မိုး၊ ကိုချက်ကြီး၊ ကိုသိန်းဝင်းတို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အောင်ချမ်းသာရွာသားတွေဘက်က ရန်ပွဲမှာပါဝင်တဲ့ ရုန်းသာရွာသားတွေကို ပြန်လည်အမှုဖွင့်ခဲ့တာကြောင့် နှစ်ဖက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာလို့ မြို့နယ်ပလဖတာဝန်ခံက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်အမှုဖွင့်ထားတဲ့အတွက် ဖမ်းဆီးထားသူတွေကို အာမခံပေးလို့မရဘဲ နှစ်ဖက်စလုံးကို ဝက်လက်မြို့နယ်တရားရုံးဆီ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရသူ ရုန်းသာရွာသား ၄ ဦးအနက် ဒူးဝါးနဲ့ အောင်မြတ်စိုးတို့ဟာ ရန်ပွဲမှာမပါဝင်သူတွေဖြစ်တာကြောင့် မြို့နယ်ပလဖ အနေနဲ့ သေချာစိစစ်ပေးစေချင်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“ဓားနဲ့ထိုးတဲ့ ပအဖကတိုင်လို့ ဖမ်းတာလို့ သိရတယ်။ ဒီကလေးတွေကို တဖက်ကအမှုဖွင့်တာနဲ့ ဖမ်းတယ်တဲ့။ ဘာပြစ်မှုမှလည်းမရှိဘဲနဲ့ တရားမျှတမှု မရှိသလိုဖြစ်နေတယ်။ တဖက်မှာလည်း ဘာဒဏ်ရာမှမရထားဘဲနဲ့ ဓားကိုင်ပြီး လူမသေသေအောင်သတ်ဖို့လုပ်ခဲ့တဲ့သူတွေက အကြာကြီး လွတ်နေပြီးတော့ ကိုယ့်ဘက်ကကလေးတွေကျတော့ တဖက်ကတိုင်ရုံနဲ့ ဖမ်းတာလားပေါ့”လို့ ပြောပါတယ်။

အဆိုပါရန်ပွဲအတွင်း ဓါး၊ စကေဘာတွေနဲ့ထိုးနှက်ခံရတာကြောင့် ရုန်းသာရွာသား အောင်ခန့်နိုင်၊ သက်နောင်ထွန်း၊ ခန့်သူရကျော်၊ ဇင်ကိုလွင်တို့ ၄ ဦးမှာ ထိုးသွင်းဒဏ်ရာတွေအများအပြားရရှိခဲ့ပြီး အဲ့ဒီထဲက အောင်ခန့်နိုင်နဲ့ ခန့်သူရကျော်တို့မှာ ဒဏ်ရာပြင်းထန်တာကြောင့် ၁ လနီးပါးကြာ ဆေးရုံတက် ကုသမှုခံယူခဲ့ရဝာာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။