⁩ ⁨တန့်ဆည်မှာ ရေကြီးလို့ စစ်ရှောင်နေအိမ် ၁၀၀ ကျော်ပျက်စီးပြီး အဖိုးအဖွား ၃ ဦးနဲ့ လူငယ် ၁ ဦး သေဆုံး

0 0
0 0

တန့်ဆည်၊ ဩဂုတ် ၁၁၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းမှာ ဖြစ်ပွါးခဲ့တဲ့ ရေကြီးမှုကြောင့် စစ်ရှောင်နေအိမ် ၁၀၀ ကျော်ပျက်စီးပြီး၊ လူ ၄ ဦး သေဆုံးထားတယ်လို့ မြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဩဂုတ်လ ၆ ရက်နေ့က စတင်ကာ သဖန်းဆိပ်ဆည်ရေနဲ့ ချောင်းရေတွေ မြင့်တက်လာလို့ ကျေးရွာ ၄၀ ကျော်ရေဘေးသင့်ပြီး ကပျူ၊ သာခေါင်ကြီးနဲ့ ဝက်သိုးကျေးရွာတွေက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်နေတဲ့ တဲနဲ့နေအိမ်တချို့ ရေနစ်မြုပ်ကာ နေအိမ်တချို့မှာ ရေထဲမျောပါ ပျက်စီးသွားတယ်လို့ ပြောပါတယ်။

ပုံစာ – ဩဂုတ်လ ၁၀ ရက်နေ့ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများမှစစ်ရှောင်ပြည်သူများ၏နေအိမ်များ ရေမြုပ်နေပုံ

“စစ်ရှောင်နေအိမ် ၁၁၄ လုံးက ပျက်စီးသွားတယ်။ စစ်ရှောင် လူဦးရေ ၄၀၀ ကျော်က ဒုက္ခရောက်နေတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ထားထားရတယ်။ ရေက မလျော့သေးဘူး။ အကူအညီက မြို့နယ်အဖွဲ့တဖွဲ့သာ ရောက်သေးတာ။ ရေကအခုထိ မြုပ်တုန်းဆိုတော့ မိုးကလည်း အခုထိအဆက်မပြတ် ရွာတုန်း”လို့ တန့်ဆည်မြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။

ရေကြီးမှုကြောင့် ကျေးရွာနေပြည်သူတွေရဲ့ အိုးအိမ်တွေ ပျက်စီးသလို ကျွဲ၊ နွားနဲ့ အိမ်မွေး တိရစ္ဆာန်တွေလည်း သေဆုံး၊ ပျောက်ဆုံးမှုတွေ ရှိပြီး၊ အပျက်အစီးအသေပျောက်စာရင်းကိုတော့ အတိအကျ မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။

ပုံစာ – ဩဂုတ်လ ၁၀ ရက်နေ့ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများမှစစ်ရှောင်ပြည်သူများ၏နေအိမ်များ ရေမြုပ်နေပုံ
ပုံစာ – ဩဂုတ်လ ၁၀ ရက်နေ့ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများမှစစ်ရှောင်ပြည်သူများ၏နေအိမ်များ ရေမြုပ်နေပုံ

စစ်ဘေးရှောင်တွေအတွက်က နေစရာတွေမရှိတော့တဲ့အပြင် ရေကြီးနေလို့ သွားလာရေးခက်ခဲပြီး အမိုးအကာတွေနဲ့ စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ရေကြီးမှုစတင်ခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့က သာခေါင်ကြီးကျေးရွာက အသက် (၇၃) နှစ်အရွယ် အဖွားတဦး၊ စင်းသင်းကျေးရွာက အသက် (၆၆) နှစ်အရွယ် အမျိုးသားတဦး၊ ဩဂုတ်လ ၇ ရက်နေ့မှာတော့ ရွှေလှံကျေးရွာကအသက် (၂၇) နှစ်အရွယ် အမျိုးသားတဦးနဲ့ အက်တော်ကျေးရွာမှ အသက် (၆၅) နှစ်အရွယ် အမျိုးသားတဦးတို့ ရေစီးနဲ့မျောပါသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ဩဂုတ်လ ၁၀ ရက်နေ့ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများမှစစ်ရှောင်ပြည်သူများ၏နေအိမ်များ ရေမြုပ်နေပုံ
ပုံစာ – ဩဂုတ်လ ၁၀ ရက်နေ့ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများမှစစ်ရှောင်ပြည်သူများ၏နေအိမ်များ ရေမြုပ်နေပုံ

ရေကြီးမှုမှာ ရက်ရှည်ဖြစ်လာပြီး ရေပြန်မကျသေးတာကြောင့် ကပျူ၊ သာခေါင်ကြီး၊ ဝက်သိုး၊ အောင်သုခ၊ ဥာဏ်သာ၊ ရသစ်၊ ငတန်း၊ သာစည်ကုန်း၊ ရွှေလှံ၊ မူးခွ၊ စင်သင်းနဲ့ အက်တော်ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်က ပြည်သူ တသောင်းကျော် ရေဘေးသင့်နေပြီး ထိရောက်တဲ့အကူအညီတွေမရကြဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။