မကွေး၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၅။
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှာ စစ်ကော်မရှင်လက်အောက် အထွေထွေအုပ်ချုပ်ရေးဌာန၊ ရပ်ကျေးစာရေးအမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူမှာ ညောင်ပင်ကြီးကျေးရွာနေထိုင်တဲ့ အသက် ၆၀ ကျော်ရှိ ငါးဆောင်ကျေးရွာအုပ်စုထွေအုပ်စာရေး ဦးအောင်ကြိုင်ဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက် ညနေ ၆ နာရီကျော်မှာ ၄င်းရဲ့နေအိမ်မှာရှိနေစဥ် မှတ်ပုံတင်လုပ်ဖို့ဆိုကာနေအိမ်အတွင်းဝင်လာတဲ့ အမျိုးသား ၄ ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
” အိမ်ထဲကို လူ ၄ယောက်ဝင်လာတယ်။ မှတ်ပုံတင်လုပ်ချင်လို့ပေါ့။ ပြီးတော့ စစ်သားစုဆောင်းရေး ပိုက်ဆံကောက်လားပေါ့၊ စာရေးက သူကောက်တယ်၊ မသုံးဘူး ပြန်ပေးရတယ်ပြောတယ်။ လာပစ်တဲ့အဖွဲ့က ကောက်လား၊ မကောက်ဘူးလားဘဲပြော။ ကောက်တယ်လည်းပြန်ပြောကော အောက်ဆင်း ထိုင်ခိုင်းပြီး သေနတ်နဲ့ပစ်သွားတာ” လို့ ဖြစ်စဥ်ကိုသိရှိသူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရတာကြောင့် ဦးအောင်ကြိုင်မှာ နှာခေါင်းကနေ ကျည်ဖောက်ဝင်၊ နားထင်ပွင့်ထွက်ဒဏ်ရာတွေနဲ့နေရာမှာသေဆုံးသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် ပစ်ခတ်သူတွေက နေအိမ်စားပွဲပေါ်ရှိ ငွေကျပ် ၈ သိန်း၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးနဲ့ ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထားတဲ့ ငွေကျပ် သိန်း ၃၀ ကိုပါ ယူဆောင်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အခင်းဖြစ်ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ရဲတွေ လာရောက်စစ်ဆေးကာ ရုပ်အလောင်းကိုမကွေးဆေးရုံကို သယ်ယူသွားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်မှာ မိသားစုဝင်တွေက အလောင်းကိုနေအိမ်ပြန်သယ်ကာ နာရေးပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ညောင်ပင်ကြီးကျေးရွာဟာ မကွေးနဲ့တောင်တွင်းကြီးမြို့နယ်အစပ် ဧရာဝတီမြစ်ရှေ့ဘက်ကမ်းရှိကျေးရွာဖြစ်ပြီး စစ်ကော်မရှင်တပ်တွေ အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ





