မြေလတ်အသံ၊ နိုဝင်ဘာ ၆၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အမျိုးသား ၂ ဦး စကားများရန်ဖြစ်ရာမှ အချင်းချင်း ဓားခုတ်မှုဖြစ်ကာ ၁ ဦးသေဆုံးခဲ့ပြီး တရားခံကို မြို့နယ်ပလဖကဖမ်းမိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရင်ရောင်းကျေးရွာမှ အသက် ၄၄ နှစ်အရွယ် ကိုရဲကျော်စွာနဲ့ ၃၈ နှစ်အရွယ် ကိုညီညီစိုးတို့ ၂ ဦးဟာ အောက်တိုဘာ ၄ ရက်နေ့လယ် ၃ နာရီမှာ ရန်ဖြစ်ပြီး ဦးရဲကျော်စွာနေအိမ်အတွင်း ဓါးခုတ်မှုဖြစ်ပြီး ညီညီစိုးရဲ့ဗိုက်ကိုဓါးထိုးခံရကာ နေရာတင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“မနက်ပိုင်းအတူတူ ထင်းခုတ်အငှားလိုက်ကြပြီး စကားများခဲ့ကြတာတဲ့။ နေ့လယ်ပြန်ရောက်ပြီးတော့ သေတဲ့ ညီညီစိုးက ရဲကျော်စွာအိမ်ဝန်းထဲဝင်ပြီး ဓားနဲ့ခုတ်တာတဲ့။ ဒါကို ရဲကျော်စွာက ခုခံရင်း လက်လွန်သွားတာတဲ့” လို့ မြေပြင်အခြေအနေကိုသိရှိသူအမျိုးသားတဦးက ပြောပါတယ်။
ဓားထိုးမှုဖြစ်ပြီးနောက် ကိုရဲကျော်စွာဟာ ထွက်ပြေးသွားခဲ့ပေမယ့် ၎င်းကို အခင်းဖြစ်တဲ့နေ့ ည ၁၀ နာရီကျော်မှာ ထီးလင်းမြို့နယ် ပလဖနဲ့ကျေးရွာပလဖပူးပေါင်းအဖွဲ့တို့က ရင်ရောင်းကျေးရွာရဲ့ တောတွင်းရှိ တဲဆောင်တခုမှာဖမ်းမိခဲ့တယ်လို့ အထက်ပါ အမျိုးသားကပြောပါတယ်။
ပြီးခဲ့တဲ့ဇွန် ၁၉ ရက်နေ့လယ် ၃ နာရီကျော်ကလည်း ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးကျေးရွာမှ အသက် ၅၀ အရွယ် ဦးဖြူမွှေးဟာ ကျေးရွာအပြင်ဖက်ရှိ အုတ်လုပ်တဲ့ဝန်းမှာ အုတ်လုပ်သားဦးဆန်းထွန်းရဲ့ သတ်ဖြတ်တာကိုခံလိုက်ရပြီးနောက် အလောင်းကို အိမ်သာကျင်းထဲကတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း – လင်း














