မြန်မာချင်း လူသတ်အလောင်းဖျောက်သူကို ထိုင်းရဲဖမ်းမိထားပြီး ဖမ်းခံရသူက မကျူးလွန်ကြောင်း ငြင်း

0 13
0 13

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၅။

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုသတ်ဖြတ်ခဲ့ပြီးနောက် စည်ပိုင်းအတွင်းထည့်ကာ အလောင်းစွန့်ပစ်ခဲ့တဲ့ တရားခံဖြစ်သူ မြန်မာအမျိုးသားကို ဒီဇင်ဘာ ၁၈ ရက် ဒီကနေ့မှာ ထိုင်းရဲတပ်ဖွဲ့က ချန်ထဘူရီတရားရုံးဖမ်းဝရမ်းနဲ့ စမွတ်ဆာခွန်ခရိုင်၊ အုန်းနွဲ့မြို့၊ ဖစ်ကစင်လမ်းမှာ ဖမ်းဆီးရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု စတဲ့အမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား အသက် ၃၀ အရွယ် အဆိုပါအမျိုးသားကတော့ ဖမ်းဝရမ်းထုတ်ခံထားရတာမှန်ပေမယ့် လူသတ်မှုမှာ ပါဝင်ပတ်သက်မှုမရှိကြောင်းနဲ့ စွဲချက်အားလုံးကို ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က ချန်ထဘူရီခရိုင်၊ နာယိုင်အိုင်မြို့နယ်၊ နာယိုင်အိုင်ရွာအနီးရှိ ဝါးရုံတခုအနီး စွန့်ပစ်ထားတဲ့ပလပ်စတစ်ပုံးအမည်းအတွင်း ပုပ်ပွနေတဲ့အလောင်းကိုဒေသခံတွေတွေ့ရှိရာမှ ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့တာလို့ သိရပါတယ်။

အဆိုပါ ပလပ်စတစ်အမှိုက်ပုံးကို နိုဝင်ဘာ ၂၉ ရက်ကတည်းက လာရောက်စွန့်ပစ်ထားတာဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်မှာတော့ အမှိုက်ပုံးအတွင်းမှ လက်နဲ့ခြေထောက်တွေကို ကြိုးတုပ်ကာ ပုဆိုး၊ စောင်၊ ပလပ်စတစ်အိတ်တွေနဲ့အထပ်ထပ်ပတ်ထားတဲ့ အသက် ၄၀ ဝန်းကျင်ခန့်ရှိ မြန်မာနိုင်ငံသားအလောင်းကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုအရ လူသတ်မှုမှာ ကျူးလွန်သူ ၃ ဦးပါဝင်ကြောင်းဖော်ထုတ်နိုင်ခဲ့ကာ အခင်းဖြစ်နေရာအနီးရှိ CCTV မှတ်တမ်းတွေကနေတဆင့် သံသယဖြစ်ဖွယ်ကား ၁ စီးကို ခြေရာခံနိုင်ခဲ့ပြီး စမွတ်ဆာခွန်မှာ ပုန်းအောင်နေတဲ့တရားခံကို လက်ရှိမှာဖမ်းဆီးထားပြီဖြစ်တာကြောင့် ကျန်တရားခံပြေး ၂ ဦးကိုလည်း ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းဆီးခံရသူက ပြစ်မှုကျူးလွန်ထားခြင်းမရှိကြောင်း ငြင်းဆိုထားပေမယ့် ရဲတပ်ဖွဲ့ဘက်ကတော့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေ ရရှိထားပြီးဖြစ်လို့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်ဆို ပြောဆိုထားပြီး လက်ရှိမှာ တရားခံကို နာယိုင်အိုင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။