ချောင်းဦး၊ ဇူလိုင် ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၁၀ ရက် ဒီကနေ့မနက်ပိုင်း ၆ နာရီကျော်လောက်က ချောင်းဦးထွေအုပ်ရုံးကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အနီးနားဝန်းကျင်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့စစ်ကြောင်းထွက်တော့ လက်နက်ကြီးထုပြီး ရန်ရှင်းတဲ့သဘောဗျ။ ပစ်ခတ်တဲ့အကြိမ်ရေ ကတော့များတယ်။ ရွာတော်လေးရွာထဲကိုတော့ လက်နက်ကြီးက ၁ လုံးပဲကျတာဗျ။ အဲ့တလုံးကနေ သေဆုံးထိခိုက်တာ။ ထူးနီရွာကတော့ ၃ ယောက်မဟုတ်ဘူး ၁ ယောက်ပဲသေတာပါဗျ။”လို့ ချောင်းဦး မြို့နယ်ပကဖ သတင်းတာဝန်ခံ ကိုသန့်က မြေလတ်အသံကို ပြောပါတယ်။
လက်နက်ကြီးထိမှန်လို့ ချောင်းဦးမြို့နယ် ရွာတော်လေးရွာက အရပ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရကာ ထူးနီရွာက အရပ်သား ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့တယ်လို့သိရပြီး စစ်ကြောင်းက အဲ့ဒီဒေသတဝိုက်မှုရှိနေသေးတာကြောင့် သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ရွာတော်လေးရွာဟာ ချောင်းဦးမြို့နဲ့ ကပ်လျက်အနေအထားမှာရှိပြီး ထူးနီရွာကတော့ မြို့နဲ့ ၃ မိုင်ကျော်လောက်ကွာဝေးတယ်လို့ ကိုသန့်ကပြောပါတယ်။
“မနေ့ကတည်းက စစ်ကြောင်းထွက်လာနိုင်ခြေရှိလို့ ပြည်သူတွေကို သတိနဲ့နေဖို့ မှာကြားထားပါသေးတယ်။ ဒီထူးနီရွာက နည်းနည်းပေါ့သွားတာလည်းပါတာပေါ့ဗျာ။ စစ်ကြောင်းက ကင်မွန်းတော်ကို ဆက်ထိုးမယ် ထင်တယ်ဗျ။”လို့ ကိုသန့်က ပြောပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီစစ်ကြောင်းက ချောင်းဦးမြို့နဲ့ ကင်မွန်းတော်ရွာအကြားမှာဘဲရှိနေပြီး အနီးနားဝန်းကျင်ကျေးရွာတွေက ပြည်သူတွေအနေနဲ့လည်း ဘေးလွတ်ရာတွေဆီ တိမ်းရှောင်နေဖို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်ကလည်း ချောင်းဦးနယ် ငါးယှန်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ဂိတ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သန်မင်းကန်ရွာက အရပ်သား ၁ ဦး လက်နက်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း