မြေလတ်အသံ၊ ဇွန် ၂၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ တောင်ပြတ်ရွာသစ်ကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င် ၇ ဦး ဇွန် ၂၀ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်တွေဆီကသိရပါတယ်။
ရန်ကုန်-ပြည်လမ်းရှိ စစ်ကွင်းတာဇုံရဲကင်း စခန်းကနေ အင်အား ၄၀၀ ခန့်နဲ့စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ဖို့စောင့်ဆိုင်းနေချိန် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။


“ရဲဘော်တွေက စကစ စစ်ကြောင်းအလာကိုစောင့်နေတာဗျ။ စစ်ကြောင်းကနေရာစုံဖြန့်တက်လာတော့ ရဲဘော်တွေ ပိတ်မိသွားတာ။ အရှင်ဖမ်းပြီးမှသတ်တာလို့သိရတယ်ဗျ”လို့ အခြေအနေကိုသိရှိထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးသူ ၇ ဦးထဲက ၂ ဦးရဲ့ရုပ်အလောင်းတွေကို ဇွန် ၂၀ ရက်ညနေပိုင်းမှာ ကောက်ယူနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ကင်းပုန်းတွေအထပ်ထပ်ချထားတာကြောင့် ကျန်တဲ့ ၅ လောင်းကို ဒီကနေ့ထိမယူနိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။


သေဆုံးသူ ၇ ဦးထဲမှာ သာယာဝတီခရိုင်အမှတ် ၃၈၀၃ တပ်ရင်းမှ ၄ ဦး၊ တပ်ရင်း ၃၇၀၁ မှ ၁ ဦးပါ၀င်ပြီး ကျန် ၂ ဦးကိုတော့ ဘယ်တပ်ရင်းကလည်းဆိုတာမသိရှိရဘူး လို့ အထက်ပါတပ်ဖွဲ့၀င်က ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန် ၁၆ ရက်ကလည်း မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာအနီးမှာ ၁ ကြိမ်၊ ရန်ကုန်-ပြည်လမ်းပိုင်းရှိ စစ်ကွင်းတာဆုံ ရဲကင်းစခန်းကို ၁ ကြိမ်နဲ့ ရှမ်းတောကျေးရွာအနီး ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ဦး၊ ခရိုင်ရဲမှူး ၁ ဦး၊ မြို့မရဲစခန်းမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့် သေဆုံးခဲ့ပါတယ်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မင်းလှမြို့နယ်ကနေ အုတ်ဖိုမြို့နယ်အထိ ရန်ကုန်-ပြည်ကားလမ်းတလျောက်ကို စစ်အင်အားတိုးချဲ့ချထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း – လင်း