myaelatt athan

Sharing Information to the Local

လယ်ထွန်နေတဲ့ပျူစောထီးတွေတိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်း(ရုပ်/သံ)

အရာတော်၊ ဇွန် ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာအပြင်ဘက်မှာ လယ်ထွန်နေတဲ့ ပျူစောထီး ၇ ဦး ကို ဇွန် ၁၉ ရက်က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၂ ဦးသေပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း Ngwe Dwin Revolution Force ဆီက သိရပါတယ်။

ပျူစောထီးနဲ့ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ ငွေတွင်းရွာက ပျူစောထီး ၇ ဦးဟာ ရွာနဲ့ မီတာ ၆၀၀ လောက်ဝေးတဲ့ လယ်ထဲမှာလယ်ထွန်နေချိန် ဇွန် ၁၉ ရက် နေ့လယ် ၁၀ နာရီခွဲကနေစပြီး ၁၁ နာရီခွဲအထိ ၁ နာရီအကြာ ယာ ၁ ခင်းအကွာကနေ အနီးကပ်ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရွာအပြင်ကို လယ်ထွန်ထွက်တဲ့ ပျူစောထီး ၆ ကောင် အမျိုးသမီး ၁ ဦးပါတဲ့ အဖွဲ့နဲ့ ကျနော်တို့ပစ်ခတ်မှုဖြစ်တာ၊ လယ်ထွန်ထွက်တဲ့ ခွေး ၁ ကောင်က ၁ တောင့်ထိုးသေနတ် ၁ လက်ပါတယ်၊ သေဆုံးမှုက နေရာမှာတင် ပွဲချင်းပြီးက ၁ ဦးပါ၊ ခွေးတွေကပြေးလို့ဆိုပြီး ကျနော်တို့လိုက်ပစ်တာ၊ ခွေး ၁ ကောင်ကပါးကိုမှန်သွားတာ၊ ရွာရောက်ပြီး ခွေးစခန်းကြမှ သေသွားတာ”လို့ မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း Ngwe Dwin Revolution Force ရဲဘော်တဦးက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် လယ်ထွန်လာတဲ့ ငွေတွင်းရွာက ပျူစောထီး ၇ ဦးထဲမှ ၂ ဦးသေဆုံးခဲ့ပြီး ၎င်းတို့ထံကနေ ၁ တောင့်ထိုးသေနတ် ၁ လက်၊ လေးဂွ၊ ဖုန်း ၁ လုံး၊ ဓါး ၁ ချောင်းနဲ့ နွား ၂ ကောင် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ငွေတွင်းရွာ ကင်းစခန်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကူ လိုက်လာပြီး အလောင်းတွေကောက်ကာ ကျန်တဲ့ ပျူစောထီးတွေကို လာကယ်သွားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း Ngwe Dwin Revolution Force၊ တိုက်နယ်(၉၊၁၀၊၁၁)၊ နယ်ခံမဟာမိတ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။