myaelatt athan

Sharing Information to the Local

ငလျင်ဒဏ်ကြောင့် ဆေးကုသနေရတဲ့ နိုင်/ကျဉ်းအမျိုးသား ၁ ဦး သေဆုံး

မြေလတ်အသံ၊ ဇွန် ၁၃၊ ၂၀၂၅။

မန္တလေး၊ အိုးဘိုထောင်မှာ ငလျင်ကြောင့်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ၁ ဦး ဆေးကုသနေရင်း သေဆုံးခဲ့တယ်လို့ ဇွန် ၁၃ ရက်ဒီကနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန် (PPNM)က ထုတ်ပြန်ပါတယ်။

သေဆုံးသူမှာ ထောင်ဒဏ် ၁၈ နှစ်ကျခံနေရတဲ့ ဦးမော်ထူး ၅၄ နှစ်ဖြစ်ပြီး သူရရှိခဲ့တဲ့ လည်ပင်းနဲ့ဦးခေါင်းဒဏ်ရာတွေကို မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ၂ ကြိမ်ခံယူပြီးနောက် ကိုမာဝင်သွားကာ ဇွန် ၁၃ ရက်မှာသေဆုံးခဲ့တာလို့ဆိုပါတယ်။

“မူလ(ဒဏ်ရာရတဲ့အချိန်)က ပြင်ပဆေးရုံကိုဆေးကုသခွင့်မရခဲ့ဘဲနဲ့ သင်္ကြန်နောက်ပိုင်းမှာမှ ထောင်ပြင်ပဆေးရုံဖြစ်တဲ့ မန္တလေးဗဟိုဆေးရုံကို ပို့ဆောင်ကုသခွင့်ရခဲ့တယ်။ သို့သော်လည်းပဲ သူက အခြေခံမိသားစုကမွေးဖွားလာသူ ဖြစ်တဲ့အတွက် မိသားစုကငွေကြေးမတတ်နိုင်တဲ့အခါမျိုးမှာ ခွဲစိတ်ကုသစရိတ်မရှိတာအတွက် အခုလို ဆုံးရှုံးရတာဖြစ်တယ်။”လို့ PPNMမှဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဦးမော်ထူး ဆေးကုသရန်နဲ့ ခွဲစိတ်ခကုန်ကျစရိတ်မှာ စုစုပေါင်းငွေကျပ်သိန်း ၈၀ ခန့်လိုအပ်‌သော်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ၁,၃၆၀,၀၀၀ ကျပ်ကို ကူညီပေးနိုင်ခဲ့ပြီး ထပ်မံခွဲစိတ်ကုသမှုရရှိရန် ငွေကြေးကြိုးစားရှာဖွေနေစဉ်အတွင်း အခုလိုသေဆုံးခဲ့ရတာလို့ သူကဆိုပါတယ်။

ဦးမော်ထူးဟာ ပြီးခဲ့တဲ့၂၀၂၁ ဒီဇင်ဘာ ၂ ရက်မှာ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပုဒ်မ ၅၀၅ -က၊ ၅၀(ည) တို့နဲ့ တရားစွဲဆိုခံရပြီးနောက် ထောင်ဒဏ် ၁၈ နှစ် ကျခံနေရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မန္တလေးအိုးဘိုထောင်မှာ အဆောက်အဦတချို့ပြိုကျပျက်စီးခဲ့ရာ အကျဥ်းသား၊ အကျဥ်းသူ ၆၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၄၀ ဦးအထက်ရှိခဲ့တယ် လို့ PPNM ရဲ့အချက်အလက်အရ သိရပါတယ်။

ထောင်တွင်းဆေးဝါလုံလောက်စွာမရရှိတာကြောင့် ၂၀၂၅ ဇန်နဝါရီကနေ ဇွန် ၁ ရက်အတွင်း သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား/အကျဉ်းသူ ၁၀ ဦးရှိခဲ့တယ်လို့လည်း PPNM က ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။