ကလေးမှာ ဆေးရုံနဲ့ကျန်းမာရေးစင်တာ ၃ ခု လေကြောင်းတိုက်ခံရပြီး ၃ ဦးသေ

0 3
0 3

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ကလေးမြို့နယ်တောင်ပိုင်းက People’s Healthcare Network (Kalay) – PHN (Kalay) ဆေးရုံ ၂ ခုနဲ့ ကျန်းမာရေးစင်တာ ၁ ခု ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရရာ အရပ်သား ၃ ဦး သေဆုံးတယ်လို့ PHN (Kalay) က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀ နာရီခွဲမှာ ကုတင် ၂၀ ဆံ့ Golden Valley Revolution Hospital – ရွှေတောင်ကြားတော်လှန်ရေးဆေးရုံကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ပေါင် ၂၅၀ ဗုံးကြဲရာ ကျန်းမာရေးဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PHN (Kalay) ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

“တိုက်ပွဲတွေပြင်းထန်နေလို့ လေကြောင်းရန်စိုးရိမ်မှုကြောင့် လူနာတွေကို တခြား Safe ဖြစ်တဲ့နေရာတွေမှာ ခွဲထားပြီး ပြုစုကုသမှုပေးနေချိန်မှာ ဗုံးကြဲတာ။” လို့ သူကပြောပါတယ်။

Golden Valley Revolution Hospital – ရွှေတောင်ကြား တော်လှန်ရေးဆေးရုံ

နောက်တနေ့ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်မှာ တောင်ပိုင်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ဆက်တိုက်လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှာပဲ ညနေ ၆ နာရီ ၁၃ မိနစ်မှာ Medical Centre (4) – PHN (Kalay) အဆောက်အဦအတွင်း အရေးပေါ်ခွဲစိတ်ကုသမှုလုပ်နေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အရပ်သား ၃ ဦးသေပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကလေးမြို့နယ်က CDM ကျန်းမာရေးဝန်ထမ်းတွေက People’s Healthcare Network – Kalay ကို ၂၀၂၂ နှစ်စပိုင်းမှာ ထူထောင်ပြီး မြို့နယ်တောင်ပိုင်းမှာ ၁၂ ကုတင်ဆံ့ ဆေးရုံ ၁ ခု၊ မြောက်ပိုင်းမှာ ဆေးရုံ ၁ ခုနဲ့ ကျန်းမာရေးစင်တာ ၆ ခုဖွင့်ကာ ဒေသခံတွေကို ဆေးကုသမှုပေးနေပါတယ်။

၂၀၂၃ နိုဝင်ဘာ ၉ ရက်မှာလည်း ကလေးမြို့နယ်တောင်ပိုင်းက မြောက်စည်းရွာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးလက်ဆေးခန်းတခုလုံး ပျက်စီးသွားခဲ့ပါတယ်။

Medical Centre (4) – PHN (Kalay)

စစ်ရေးနဲ့မဆိုင်တဲ့ကဏ္ဍတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုကို စောင့်ကြည့်စာရင်းပြုစုနေတဲ့ Insecurity Insight ဝက်ဘ်ဆိုဒ်ပါ အချက်အလက်တွေအရ ၂၀၂၁ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့အထိ နိုင်ငံအနှံ့က ကျန်းမာရေးအဆောက်အအုံတွေ ၃၅၅ ကြိမ် တိုက်ခိုက်ခံရပြီး အသတ်ခံရတဲ့ ကျန်းမာရေးလုပ်သား ၁၃၅ ယောက်ရှိပါတယ်။

၂၀၂၃ ကစလို့ စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေအတွင်း ကျန်းမာရေးကဏ္ဍထိခိုက်ခံရမှု သိသိသာသာများလာတယ်လို့ Insecurity Insight ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရမှုအကြိမ်ရေ စုစုပေါင်းမှာ ၁,၅၈၄ ကြိမ်ရှိပြီး အကြိမ်ရေ ၁,၁၀၉ ကို စစ်ကောင်စီတပ်နဲ့ ရဲက ကျူးလွန်ခဲ့တယ်လို့ အဆိုပါ ဝက်ဘ်ဆိုဒ်ရဲ့စာရင်းမှာ တွေ့ရပါတယ်။

ဓာတ်ပုံ – People’s Healthcare Network (Kalay)

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။