မုံရွာကစျေးဝယ်ပြန်လာတဲ့ကားတွေ ပစ်ခတ်ခံရပြီး အမျိုးသမီး ၁ ဦးအပါ ၂ ဦးသေဆုံး

0 13
0 13

ယင်းမာပင်၊ ဇွန် ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်လို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၅ ရက်မနက်ပိုင်းမှာ ဘန့်ဘွေးရွာကထွက်လာတဲ့ အင်အား ၃၀ ပါစစ်ကြောင်းက ရွာကွင်းလမ်းက မောင်းလာတဲ့ Forland အမျိုးအစား ကုန်ကား ၂ စီးကိုပစ်ခတ်ရာမှာ ၃ ဦးကိုထိမှန်ခဲ့ပြီး အဲ့ဒီထဲက ၂ ဦးသေဆုံးခဲ့တာပါ။

“၁ ယောက်က ပျူရွာနားကရွာမှာပဲ ဆုံးသွားတာ၊ နောက် ၂ ယောက်က ဆေးခန်းသွားတာ၊ ၁ ယောက်ကကျတော့ ဆေးခန်းရောက်တော့ဆုံးတာပေါ့၊ အခုနောက် ၁ ယောက်ကလည်း ဒီဘက်တင်မနိုင်လို့ ဒီပြင် (အခြားနေရာကို)ပို့လိုက်ရတယ်၊ ” လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ခရီးသည် ၁၅ ဦးစီလိုက်ပါလာတဲ့ အဆိုပါကား ၂ စီးကို ချင်းတွင်းမြစ်တဖက်ကမ်း မုံရွာမြို့ကနေ ကနီမြို့နယ်အထက်ပိုင်း ပါဟဲရွာကို ဈေးဝယ်ပြီးပြန်လာချိန်ပစ်ခတ်ခံရတာဖြစ်ပြီး လက်ရှိမှာ ကားတွေကတော့လုံခြုံတဲ့နေရာကိုရောက်နေပြီလို့ သိရပါတယ်။

သေဆုံးသူတွေဟာ အသက် ၅၀ အရွယ်အမျိုးသမီး ၁ ဦး၊ ၂၇ နှစ်အရွယ်အမျိုးသား ၁ ဦးဖြစ်တယ်လို့ ဒေသတွင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အတည်ပြုပြောပါတယ်။

ယခုမနက်ပိုင်းမှာပဲ အဆိုပါစစ်ကြောင်းဟာ ဘန့်ဘွေးရွာအပြင်ကနေ ၄၀ မမ လက်နက်ကြီး၊ လက်နတ်ငယ်နဲ့ ပစ်ခတ်တာတွေရှိပေမယ့် အနီးအနားကျေးရွာတွေကိုတော့ ကျရောက်တာမရှိဘူးလို့ သိရပါတယ်။

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ၂၀၂၁ နှစ်လည်လောက်ကတည်းက အထိုင်ချကာ လမ်းပိုင်းကိုဖြတ်သန်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေဆီက ငွေကြေးတောင်းယူတာ၊ ပစ္စည်းသိမ်းထားတာတွေ ပြုလုပ်လေ့ရှိတဲ့အပြင် ကျေးရွာနဲ့နီးတဲ့ ပြည်သူပိုင်ယာခင်းတွေကို ထွန်ယက်စိုက်ပျိုးတာ၊ ရွာသားတွေနဲ့ ကျေးရွာဘုန်းကြီးကျောင်းမှာ မွေးထားတဲ့ တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်လေ့ရှိတယ်လို့ ရွာခံစစ်ရှောင်တွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ ဇွန် ၄ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ ၎င်းတို့ရဲ့လက်အောက်ခံတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၆,၇၇၂ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့အစီရင်ခံစာအရသိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။