myaelatt athan

Sharing Information to the Local

ရဲဘော်တဦး လက်လုပ်မိုင်းတွေဖောက်ခွဲပြီး အသေခံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံး

0
0

မကွေး၊ ဇူလိုင် ၁၃၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က PDF ရဲဘော်တဦး ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်က အပြန်လမ်းမှာ စစ်ကောင်စီအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံလိုက်ရလို့ ပါလာတဲ့ လက်လုပ်မိုင်းတွေကို ဖောက်ခွဲပြီး အဆုံးစီရင်လိုက်တာကြောင့် စစ်ကောင်စီဘက်ကလည်း ၁၅ဦးနီးပါးသေဆုံးခဲ့ပါတယ်။

အင်အား ၈၀ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ထပ်ရွာနဲ့ ထန်းပင်ချောင်းကို စစ်ကြောင်းထိုးချိန်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့ကာ အင်အားမမျှလို့ PDF တွေဘက်က ဆုတ်ပေးခဲ့ရပြီး အဲ့ဒီစစ်ကြောင်းလည်း အနီးနားက သဲတောရွာမှာ ယာယီတပ်စွဲနေခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

” သူတို့တပ်စွဲထားချိန် ညနေ ၆နာရီလောက်မှာ ကျနော်တို့နဲ့ မဟာမိတ်ရပ်ရွာကာကွယ်ရေးရဲဘော်လေးတဦးလည်း အဲ့လမ်းကြောင်းက သူ့ရွာကို ပြန်ရမှာ၊ တပ်စွဲထားတာကိုမသိတော့ အဲ့ဒီလမ်းကြောင်းကို သုံးမိသွားတာ၊ သဲတောဘုန်းကြီးကျောင်းရှေ့ရောက်တော့ စစ်ကောင်စီခွေးတွေက ပစ်လိုက်တာ ဆိုင်ကယ်ကိုထိပြီး လဲကျသွားတယ်၊ သူလည်း ပြေးပေါက်မရှိတော့တာနဲ့ သူ့မှာပါလာတဲ့ လက်လုပ်မိုင်း ၃လုံးကို ဂတ်စ်မီးခြစ်နဲ့ ရှို့ပြီး အသေခံမိုင်းခွဲလိုက်တာပဲဗျ” လို့ Yesagyo Revolution Group-2 YRG ရဲ့ ဖောက်ခွဲရေးတာဝန်ခံက ပြောပါတယ်။

အသေခံမိုင်းခွဲမှုကြောင့် စစ်ကောင်စီဘက်က ပွဲချင်းပြီး ၇ယောက်သေဆုံးပြီး ပခန်းကြီးဆေးရုံမှာ ၈ယောက်ထပ်သေဆုံးခဲ့လို့ စုစုပေါင်း ၁၅ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ရဲဘော်လေးထွက်သွားပြီးခဏအကြာ သဲတောဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ သတင်းရတာနောက်ကျခဲ့လို့ တားဖို့ ဆက်သွယ်ခဲ့ချိန်မှာ တားဖို့အချိန်မမီတော့ပဲ သေနတ်ပစ်သံတွေနဲ့ ပေါက်ကွဲသံတွေ ကြားလိုက်ရတာကြောင့် အသေခံမိုင်းခွဲသွားတယ်ဆိုတာ သေချာတယ်လို့ ပြောပါတယ်။

” စီးနေကျဆိုင်ကယ်ကလည်း သူ့ဆိုင်ကယ်ပဲဗျ၊ သူသွားလိုက်တဲ့ လမ်းခရီးက အဲ့ကလေးက ကျနော်တို့ဆီကပဲထွက်သွားတာဗျ၊ ကျနော်တို့လည်း လမ်းတဝက်လောက်ရောက်မှာ သတင်းရလို့ တားတာ အချိန်မမီတော့ဘူးဗျ” လို့ YRG အဖွဲ့ ဖောက်ခွဲရေးတာဝန်ခံက ပြောပါတယ်။

အဲ့ဒီရဲဘော်လေး သေဆုံးသွားတာကို မိဘတွေကလည်းသိပေမယ့် နာမည်တွေအချက်အလက်တွေကို မထုတ်ပြန်ဖို့ မှာထားသလို သူတို့ကိုယ်တိုင်လည်း သားသေဆုံးမှုကို လူသိရှင်းကြား အဖြစ်မခံနိုင်သေးတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ရဲဘော်ရဲ့ မိသားစုတွေကို ထောက်ပံ့ပေးနိုင်ဖို့ လက်ရှိမှာ YRG အပါအဝင် အဲ့ဒီ‌ဒေသက ကာကွယ်ရေးအဖွဲ့တွေဟာ စစ်ကြောင်းထိုးတာကို ရင်ဆိုင်နေရလို့ ထောက်ပံ့ပေးတာတွေ မလုပ်ဖြစ်သေးဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။