ရခိုင်တွင် မိုင်းပေါက်ကွဲမှုဖြစ်၍ သက်ကြီးအမျိုးသမီးတဦး သေဆုံး

0 1
0 1

မြေလတ်အသံ၊ မေ ၃၁၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ အမျိုးသမီးတဦးမှာ ယနေ့ မေလ ၃၁ ရက်နံနက် ၇ နာရီအချိန်ခန့်တွင် ရွာမြောက်ဖက်ရှိတောင်ပေါ်သို့ ဟင်းရှာရန်သွားစဥ် မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းထန်စွာရရှိသွားပြီးနောက် သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

သေဆုံးသူမှာ ဒေါ်မတင်သိန်း ၇၅ နှစ်ဖြစ်ပြီး၊ ၎င်းမှာ ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်သွားကာ ကျောက်တော်မြို့ဆေးရုံသို့ သယ်ယူလာစဥ်လမ်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ကူညီပေးနေသည့် ကျောက်တော်ဒေသခံ ကိုကျော်လှမြင့်က ပြောသည်။

“အခုတော့အလောင်းကို ကျောက်တော်ဆေးရုံ ရင်ခွဲရုံကိုပို့လိုက်တယ်။ သူ့ကို ရွာကနေ ကျောက်တော်ဆေးရုံကို ယူလာတဲ့အချိန်မှာ သွေးထွက်လွန်ပြီးတော့ သေသွားတာပါ၊”ဟု ဆိုသည်။

အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တောင်တန်းတလျှောက်တွင် စစ်ကောင်စီတပ်များက တပ်စွဲလျှက်ရှိနေသည်မှာ တနှစ်ကျော်ရှိနေပြီ ဖြစ်သည်ဟုလည်း ဒေသခံများကပြောဆိုကြသည်။

အလားတူ အဆိုပါရုပ်သားကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း အသက် ၁၉ နှစ်အရွယ် မန္ဒာအေးမှာ တောင်ပေါ်၌ ဟင်းရှာနေစဥ် မိုင်းပေါက်ကွဲမှုဖြစ်သွားသဖြင့် ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရသည်ဟု သိရသည်။

ရခိုင်တွင် စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့စဉ်အတွင်း မြေမြုပ်မိုင်းအပါအဝင် စစ်လက်ကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူ ၄၄ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈၁ ဦးရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းအရသိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။