myaelatt athan

Sharing Information to the Local

ပဲခူးမှာ ဇနီးဟောင်းကို ဓားနဲ့ထိုးပြီးထွက်ပြေးနေသူ လာရောက်အဖမ်းခံ

ပဲခူး၊ မတ် ၁၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့၊ စိန်ထွန်းရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းမှာ ဇနီးဟောင်းဖြစ်သူကို ဓားနဲ့ထိုးခဲ့ပြီး သေဆုံးသွားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသား လာရောက်အဖမ်းခံခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မတ် ၁၆ ရက်နေ့မနက် ၁၀ နာရီခန့်မှာ ထွက်ပြေးနေတဲ့ အမျိုးသားဖြစ်သူ ကိုအောင်မြင့်မြတ်ဟာ ပဲခူးမြို့မရဲစခန်းမှာ သူကိုယ်တိုင်လာအဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။

“သူကိုယ်တိုင်လာအဖမ်းခံတာလို့တော့ သိထားရတယ်။ သူတို့ရပ်ကွက်က အမှတ် ၁ စခန်းအပိုင်ဆိုတော့ အဲမှာဘဲလာအဖမ်းခံတာ။ ရဲစခန်းမှာချုပ်ထားတယ်လို့တော့ သိရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

လာရောက်အဖမ်းခံခဲ့တဲ့ ကိုအောင်မြင့်မြတ်ကို ဖြစ်စဉ်စဖြစ်တဲ့ရက်ကတည်းက ပဲခူးမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတာကြောင့် အဆိုပါပုဒ်မနဲ့ တရားရုံးတင်သွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

မတ် ၁၂ ရက်၊ မနက် ၁ နာရီကျော်ခန့်မှာ အသက် ၃၀ ဝန်းကျင်အရွယ် မလင်းလင်းကျော်ဟာ နေအိမ်မှာရှိနေချိန် ခင်ပွန်းဟောင်းဖြစ်သူ ကိုအောင်မြင့်မြတ်က နေအိမ်ကိုရောက်လာပြီး စကားများကြရာမှ ကိုအောင်မြင့်မြတ်က မလင်းလင်းကျော်ကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့ပါတယ်။

ဓားနဲ့ထိုးခံရလို့ မလင်းလင်းကျော်မှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာရပြီး ပဲခူးဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ် မနက် ၅ နာရီခန့်မှာ သေဆုံးသွားပြီး သူ့ရဲ့ရုပ်အလောင်းကိုတော့ မတ် ၁၂ ရက် နေ့လယ် ၁ နာရီကျော် စင်ဖြူကွင်းသုဿာန်မှာ နေ့ချင်းသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ကိုအောင်မြင့်မြတ်နဲ့မလင်းလင်းကျော်တို့က လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက တရားဝင်ကွာရှင်းထားသူတွေဖြစ်ပြီး မလင်းလင်းကျော်မှာ သားနှစ်ဦးကျန်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။