myaelatt athan

Sharing Information to the Local

ပေါ်တာဆွဲခံပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၂ ဦး လက်နက်နဲ့ဘက်ပြောင်းခိုလှုံ

နတ်တလင်း၊ မေ ၂၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ကိုရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းတခုက စစ်ကောင်စီတပ်သား ၂ ဦး မေ ၁၉ ရက်မနက် ၇ နာရီ ကျော်မှာ လက်နက်နဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း၊ ၃၈၀၁ က မေ ၂၃ ရက်ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။

ဘက်ပြောင်းလာသူတွေဟာ အသက် ၃၀ ကျော်အရွယ် နိုင်ဝေလင်းနဲ့ ရာဇာမင်းတို့ဖြစ်ပြီး သူတို့တွေဟာ မေ ၁၂ ရက်မှာ နတ်တလင်းမြို့နယ်၊ ပျဥ်ပုံကျေးရွာက ပျူစောထီးစခန်းကို စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ရောက်ရှိလာတာလို့ ဆိုပါတယ်။

“တပ်သားနှစ်ယောက်က ကျနော်တို့ကိုတိုက်ရိုက်ချိတ်ဆက်တာမရှိဘူး။ သူတို့ဘာသာသူတို့ လက်နက်တွေယူလာပြီးတော့ ကျနော်တို့နယ်မြေထဲကိုပြေးလာတယ်။ ပြည်သူနဲ့တွေ့တယ်။ ပြည်သူက တဆင့် ကျနော်တို့နဲ့ချိတ်ဆက်ခိုင်းတယ်။ အဲ့တာကနေ ချိတ်ဆက်ဝင်ရောက်လာပါတယ်”လို့ သာယာဝတီခရိုင်အမှတ် (၁) တပ်ရင်း၊ ၃၈၀၁ မှ တာဝန်ရှိသူတဦးကပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်သား ၂ ဦးဟာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ ကျုံပျော်မြို့နယ်တွေကဖြစ်ပြီး စစ်မှုထမ်းအတွက်ဖမ်းဆီးခံခဲ့ရာနေ စစ်ကောင်စီတပ်သားဖြစ်လာသူတွေပါ။

သူတို့နဲ့အတူ MA 1 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ စကားပြောစက် ၁ လုံး၊ ကျည်ဘောက် ၆ ခုတို့ပါလာပြီး သူတို့အနေနဲ့ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်းမှာနေပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပြန်လည်တိုက်ပွဲဝင်မယ်လို့လည်း ပြောဆိုထားကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။