ရွှေဘို၊ ဧပြီ ၂၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ ၂ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုမြို့နယ်ဒေသခံတွေဆီက သိရပါတယ်။
ကွန်ဆိပ်ကျေးရွာ စာသင်ကျောင်းကို ဧပြီ ၂၀ ရက် ညနေ ၃ နာရီ ၁၆ မိနစ်ဝန်းကျင်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ နောက်ထပ် အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။



“ကွန်ဆိပ်ရွာ စာသင်ကျောင်းတခြမ်း ပြိုကျပျက်စီးတယ်၊ အဲ့ဒီအထဲမှာရှိတဲ့ အမျိုးသမီး ၂ ဦးသေဆုံးတယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးက ကိုယ်ဝန် ၉ လရှိပြီ၊ ကလေးကတော့ အချိန်မှီခွဲစိတ်ပေမဲ့မရလိုက်ဖူး၊ အမျိုးသား ၉ ဦးထိခိုက်ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့သူတွေက အသက် ၂၀ ကျော်နဲ့ ၃၀ ဝန်းကျင်တွေဖြစ်ပါတယ်၊” လို့ ရွှေဘိုမြို့နယ်ဒေသခံတဦးက ပြောပါတယ်။
ခုလိုထိမှန်သေဆုံးခဲ့သူတွေဟာ စာသင်ကျောင်းထဲမှာ စစ်ဘေးရှောင်နေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုကို မိတ္ထီလာလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာ ၁ စီးကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာဟာ အိမ်ခြေ ၂၀၀၊ အိမ်ထောင်စု ၂၂၀ စုစုပေါင်းလူဦးရေ ၂ ထောင်ကျော်ရှိပြီး ဒဏ်ရာရတဲ့သူတွေကိုတော့ နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။


၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဧပြီ ၁၁ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့အရပ်သားပြည်သူစုစုပေါင်း ၆,၄၉၉ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း – AAPP က ထုတ်ပြန်ပါတယ်။
စာတည်း – လင်း