စစ်တပ်က ရွာ ၂ ရွာကိုဗုံးကြဲလို့ ဒေသခံ ၅ ဦးသေဆုံး

0 0
0 0

ကန့်ဘလူ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းတောနဲ့ချောင်းသာကျေးရွာကို စစ်တပ်က ဗုံးကြဲခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ ကန့်ဘလူမြို့နယ် ပကဖတာဝန်ရှိသူဆီက သိရပါတယ်။

အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်မှာ စစ်တပ်ဂျက်ဖိုက်တာ ၁ စီးက ထန်းတောရွာ အရှေ့ပိုင်း တဲအစုကို ဗုံးသီး ၁ လုံး၊ ၆ နာရီခွဲမှာ ချောင်းသာရွာအနောက်ပိုင်းရွာစွန်ကို နောက်ထပ်ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချသွားတယ်လို့ ဆိုပါတယ်။

“ထန်းတောမှာတော့ ရွာအရှေ့ဘက် တဲတွေစုနေတဲ့နေရာကိုကျတာ။ စစ်ရှောင်တွေလည်းရှိတယ်။ တောင်ယာလုပ်ရင်းနေကြတာ။ မလယ်ရွာခံတွေနေတာလည်းရှိတယ်။ တဲအစုထဲကျတာဆိုတော့ ထိခိုက်သေဆုံးများတာ။ ချောင်းသာရွာကျတော့ နေအိမ်ပျက်စီးတာလောက်ရှိတယ်။ နွားခြံထဲကျတာ”လို့ ကန့်ဘလူမြို့နယ် ပကဖ တာဝန်ရှိသူကပြောပါတယ်။

ဗုံးထိမှန်တာကြောင့် ထန်းတောရွာခံ အသက် ၄၆ နှစ်အရွယ် ဒေါ်ပြား၊ အသက် ၄၀ အရွယ် ကိုကျော်ဝင်းအောင်၊ ဇနီးဖြစ်သူ အသက် ၃၂ နှစ်အရွယ် မသူဇာဝင်း၊ အသက် ၃၀ အရွယ် ကိုလင်းထက်အောင်နဲ့ အသက် ၂၆ နှစ်အရွယ် ကိုစည်တို့ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အသက် ၃၅ နှစ်အရွယ် ဒေါ်သူ၊ အသက် ၃၀ အရွယ် ဖိုးချဲ၊ အသက် ၆၀ အရွယ် ဒေါ်ဝင်းရီ၊ အသက် ၄၃ နှစ်အရွယ် မဆွေ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်ခင်လှဆိုသူတို့ ဒဏ်ရာရပြီး တဲ ၅ လုံးထက်မနည်းပျက်စီးသွားပါတယ်။

ချောင်းသာရွာဗုံးကျမှုမှာတော့ နွား ၂ ကောင်သေဆုံးပြီး ၅ ကောင်ထက်မနည်း ထိခိုက်ဒဏ်ရာရသလို နေအိမ် ၃ လုံးပျက်စီးပြီး လူထိခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဗုံးကြဲခံရပြီးနောက် အဆိုပါကျေးရွာ ၂ ရွာက ပြည်သူ ၁,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အောက်တိုဘာ ၂၄ ရက်ဒီမနက်ပိုင်းအထိ ရွာထဲကို ပြန်ဝင်မလာရဲကြသေးဘူးလို့ သိရပါတယ်။

အောက်တိုဘာ ၃ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ချောင်းရှည်၊ ထန်းတောနဲ့ အုန်းခြောက်လုံးရွာတွေ ဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။