ကုန်ကျမှုများတာနဲ့ အပြောင်းအလဲတွေကြောင့် Starlink အင်တာနက် အသုံးပြုမှုလျော့ကျလာ

0 1
0 1

မြေလတ်အသံ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆။

အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်ခံထားရတဲ့ အညာဒေသမှာ စတားလင့်ခ်အင်တာနက် အစီအစဉ်ပြောင်းလဲမှုတွေကြောင့် သုံးစွဲသူတွေ အဆင်မပြေဖြစ်လာပြီး အင်တာနက်အသုံးပြုမှု လျော့ကျလာတယ်လို့ သိရပါတယ်။

အညာဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေး၊ ဖျော်ဖြေရေး၊ အလုပ်အကိုင်၊ သတင်းအချက်အလက်စီးဆင်းမှုနဲ့ ဆက်သွယ်ရေးတွေအတွက် စတားလင့်ခ်အင်တာနက်ကို အဓိက အသုံးပြုနေရတာပါ။

ယခင်က အင်တာနက် အသုံးပြုခ ၁နာရီလျှင် ၅၀၀ကျပ်၊ ၃နာရီလျှင် ၁၀၀၀ကျပ် ကစလို့ နာရီနဲ့ အသုံးပြုခ ကောက်ခံခဲ့တာ ဖြစ်ပြီး ဩဂုတ်လ နောက်ဆုံးပတ်က စလို့ Space Xရဲ့ သတ်မှတ်ချက်တွေအရ ဒေတာ ၁ဂစ်ဂါဘိုက်၂နာရီလျှင် ၅၀၀ကျပ်၊ ၂ဂစ်ဂါဘိုက် ၄နာရီလျှင် ၁၀၀၀ကျပ် ဆိုကာ ဒေသအလိုက် မတူညီတဲ့ ဈေးနှုန်းတွေနဲ့ ပြောင်းလဲ ရောင်းချနေရတယ်လို့ စတားလင့်ခ်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“နာရီနဲ့ မဟုတ်တော့ပဲ data နဲ့ ဖြစ်သွားပြီ။ ဈေးတွေကတော့ နေရာဒေသအပေါ်မူတည်ပြီး သတ်မှတ်ဈေးတွေ မတူကြဘူး။ ပြောင်းရတဲ့ အကြောင်းအရင်းကတော့ အရင်လို unlimited မဟုတ်တော့ပဲ ၁ လကို 5TB ပဲ ပုံမှန် speed နဲ့ရတော့လို့။ 5TB ကို ၁ လအတွင်းလောက်အောင် မျှရောင်းရတော့ အမြတ်စွန်းသိပ်မကျန်ဘူးပေါ့။ အမြတ်များများကျန်အောင် ဈေးတင်လို့လည်း မဖြစ်ပြန်ဘူး။” လို့ ယင်းမာပင်မြို့နယ်ရှိ စတားလင့်ခ်ဆိုင်ပိုင်ရှင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အခုလို Starlink plan အပြောင်းအလဲတွေကြောင့် သုံးစွဲသူတွေအတွက် အင်တာနက်အမြန်နှုန်း လျှော့ချခံရတာတွေ ရှိနေပြီး အဆင်မပြေတာတွေလည်း ရှိနေတယ်လို့ မြိုင်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ဆီမှာ စတားလင့်ခ်က တရွာလုံးမှ တခုပဲရှိတာ။ အဲဒါပဲ လာသုံးကြတာ အားလုံးက၊ ကျောင်းတက်တဲ့လူတွေလည်း ကျောင်းတက်ကြတယ်။ အွန်လိုင်းကနေ G 12 တက်တဲ့လူ၊ တက္ကသိူလ်တက်တဲ့လူတို့လည်း ဒီကနေပဲ တက်ကြတယ်။ ဂိမ်းဆော့ရုံဆိုရင်တော့ အဆင်ပြေပါတယ်၊ ဒီ ဒေတာနဲ့က၊ ၂၄နာရီပေါ့။” လို့ မြိုင်ဒေသခံက ပြောပါတယ်။

ဒါ့အပြင် အင်တာနက်အသုံးပြုခ ပိုကုန်လာတာကြောင့် စတားလင့်ခ်အင်တာနက်ကို မသုံးကြတော့ဘဲ ပြည်တွင်းအော်ပရေတာတွေကထုတ်တဲ့ ဝိုင်ဖိုင်တွေ ဝယ်သုံးနေကြကြောင်း ဆားလင်းကြီးဒေသခံတဦးက ပြောပါတယ်။

“သုံးစွဲရတာ ပိုက်ဆံပိုကုန်တယ်။ နာရီနဲ့သုံးတော့ အချိန်လိုသလောက်သုံးစွဲနိုင်တယ်။ gb နဲ့ကျတော့ ဒေတာခဏနဲ့ကုန်တော့ စိတ်ဆန္ဒမပြည့်ဝသလိုဖြစ်မိတယ်။ gb နဲ့သုံးတဲ့အခါ ဂိမ်းတစ်ခုပဲ အသုံးခံတယ် 1 gb ဆိုရင် တစ်နာရီလောက်သုံးခံတယ်။ တစ်တော့၊ ဗွီယိုဖိုင်တို့ ကြည့်တဲ့အခါမှာ မိနစ်ပိုင်းပဲ အသုံးခံတယ်။ ဒေါင်းလုပ်ဆွဲရင်တော့ gb များများဝယ်သုံးရတာ ငွေကုန်တယ်ဗျ။ တချို့ဆိုင်တွေ မဖွင့်တော့ဘဲ ပိတ်ပစ်လိုက်တယ်။ စတားလင့်စက် ပြန်ရောင်းပစ်ကြတယ်။ အော်ရီးတူးဆင်းကဒ် ဝိုင်ဖိုင်တိုင်ထောင်ပြီး ပြောင်းလဲသုံးစွဲလာကြတဲ့အခြေအနေပါပဲ။” လို့ ဆားလင်းကြီး ဒေသခံက ဆိုပါတယ်။

အညာဒေသမှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့တွေမှာလည်း ရဲဘော်များတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ အင်တာနက်ကို အကန့်အသတ်နဲ့သာ သုံးခွင့်ရပြီး သတ်မှတ်ချက်ကျော်လွန်တဲ့ အင်တာနက်စက်တွေကို အမြန်နှုန်းလျှော့ချခံနေရကြောင်း တော်လှန်ရေးအဖွဲ့ဝင်တဦးက ဆိုပါတယ်။

“တနေ့ကို 3GB ပဲရတာ။ ရဲဘော်များလို့ အကန့်အသတ်နဲ့ပေးသုံးတာ။ အရင်လက 5TB ကျော်ပြီး warning ထိထားလို့။ ဒီက ဆိုင်မှာက 1Gb ၁ ထောင်တဲ့၊ 2Gb ၂ထောင်။” လို့ မြိုင်မြို့နယ်က တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အင်တာနက်ဆိုင်ရှင်တွေအတွက်လည်း Space X ရဲ့ ပေါ်လစီအပြောင်းအလဲတွေ မကြာခဏဖြစ်နေတဲ့အပြင် စက်ပိတ်ခံရမှာ စိုးရိမ်နေရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

၂၀၂၆ခုနှစ် စက်တင်ဘာလမှာ Gen 3 စတားလင့်ခ် အင်တာနက်စက် ၁လုံးကို ကျပ်သိန်း ၁၅၀ ခန့် ပေါက်ဈေးရှိပြီး Mini starlink ၁လုံးကို ကျပ်သိန်း ၈၀ ခန့် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။