⁨ ⁨စံချိန်တင်မြင့်တက်လာတဲ့ အညာဒေသက ကြက်သွန်စျေး (ရုပ်/သံ)

0 9
0 9

သတင်း – ကျော်ကြီး၊ ကျော်စွာ။

မြေလတ်အသံ၊ စက်တင်ဘာ ၂၈၊ ၂၀၂၆။

မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသက အဓိကစိုက်ပျိုးသီးနှံဖြစ်တဲ့ကြက်သွန်ဟာ ယခုနှစ် စက်တင်ဘာလအတွင်း စံချိန်တင်စျေးနှုန်းမြင့်တက်လာခဲ့တယ်လို့ တောင်သူတွေဆီက သိရပါတယ်။

ယခုနှစ် ဩဂုတ်လကစလို့ ကြက်သွန် ၁ ပိဿာလျှင် ၅,၀၀၀ ကျပ်အထိစျေးပေါက်ခဲ့ပြီး စက်တင်ဘာလအတွင်းမှာ ၆,၅၀၀ ကနေ ၇,၅၀၀ ကျပ်အကြား စျေးမြင့်ခဲ့တာကြောင့် ဒီစျေးဟာ စံချိန်တင်ဈေးနှုန်း ဖြစ်ခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

“လက်ရှိကတော့ ၆၀၀၀၊ ၆၅၀၀ ဒီဖက်ပေါက်ဈေးက၊ မုံရွာဖက် တို့နယ်ပေါ့။ ၆၀၀၀ ရောင်းပြီးတော့ ဒီနေ့လို ပွဲစားနဲ့ တည့်ပြီးရင် ၆၀၀၀ဆို နောက်နေ့ပွဲစားလာချိန်ရင် ၆၅၀၀ တို့ ဘာတို့ ဖြစ်ကုန်တာ။ အဲဒီကျလည်း ၆၀၀၀ နဲ့ ပေးလိုက်ရတာပဲ။”လို့ မုံရွာမြို့အနီး တောင်သူတဦးက ဆိုပါတယ်။

ကြက်သွန်စိုက်တောင်သူတွေက ဒေသအလိုက် ၆,၅၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်အထိပေါက်ဈေးနဲ့ ရောင်းချရပြီး ကြက်သွန်မစိုက်ပျိုးတဲ့ဒေသတွေမှာတော့ ၈,၅၀၀ ကျပ်အထိ ဈေးကြီးပေး ဝယ်စား နေရတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။

ဒါ့အပြင် သွင်းအားစုတွေဖြစ်တဲ့ စိုက်ပျိုးရေးဆေး၊ မြေဆီ၊ မြေငှါးရမ်းခ၊ ရေသွင်းဖို့ စက်သုံးဆီဈေးနဲ့ အလုပ်သမားငှါးရမ်းခတွေကလည်း ယခင်နှစ်တွေကထက် မြင့်တက်လာတယ်လို့ ဆိုပါတယ်။

“ဈေးကြီးပေးဝယ်စားရတဲ့ သူတွေအတွက်ကလည်း သူတို့ကလည်း ဈေးကြီးပေးဝယ်စားရတော့ နည်းနည်းတော့ မြင်တာပေါ့။ တောင်သူတွေ အနေနဲ့ကလည်း ကုန်ကျစရိတ်က အလုပ်သမား တယောက်ကို ၈,၀၀၀ လောက်ရှိတယ်။ ဆေးနဲ့ မြေဆီနဲ့ဆိုတော့ ဒီဈေးလောက် ရောက်တာမှ အတော်ကျမှာ။” လို့ ကြက်သွန်စိုက်တောင်သူက ပြောပါတယ်။

၂၀၂၃၊ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ကြက်သွန်ဈေးက ၁ပိဿာလျှင် ၂၀၀ ကျပ်အထိ ထိုးကျသွားခဲ့ပြီး အခုကာလဟာ ပြန်လည်ဦးမော့လာတဲ့အခြေအနေပဲ ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

အခုလို ကြက်သွန်ဈေးတက်လာတာဟာ ယခင်နှစ်တွေက အရှုံးပေါ်ပြီး ကြက်သွန်စိုက်တောင်သူတွေ နည်းပါးလာတာကြောင့်ဖြစ်တယ်လို့ ပခုက္ကူမြို့နယ်ရှိ ကြက်သွန်အဝယ်ဒိုင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“ကုန်လက်ကျန်နည်းတာရော၊ နောက်တခုက ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ်မှာ ဝယ်လိုအားလေး နည်းနည်း ပိုလာတဲ့သဘောပေါ့။ အရင်နှစ်က စိုက်ဧကက အတော်နည်းထားတာ။ နည်းထားတော့ ကြက်သွန်ကုန်ကျန် လက်ကျန် နည်းတာလေးတွေရော အဲဒီလို အနေအထားလေးတွေလည်း ရှိတာပေါ့။”လို့ ဆိုပါတယ်။

ဒါ့အပြင် ကြက်သွန်ကို မြဝတီ၊ ထိုင်းနဲ့ ပြည်တွင်းသုံးအတွက် ရောင်းချကြရပြီး အာရှလမ်းမ ပြန်ဖွင့်လိုက်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ကုန်စိမ်းဝယ်လိုအားနဲ့ ရောင်းလိုအား မျှတလာနိုင်ကြောင်း သူကဆက်ပြောပါတယ်။

“အခု အာရှလမ်းမ ပြန်ဖွင့်လိုက်တဲ့ဟာက ကုန်စည်စီးဆင်းမှုက သူ့ဟာနဲ့သူ ချောမွေ့သွားတယ်။ လျင်မြန်သွားတယ်။ ရောင်းလိုအား ဝယ်လိုအား မျှတဲ့ ပုံသဏ္ဍာန်ကို ဖော်ဆောင်လာနိုင်တယ်။ ဒါပေါ့ အဓိကကတော့။ အဓိကကတော့ ကျနော်တို့က ကုန်စိမ်းဆိုတော့ လမ်းပန်းဆက်သွယ်ရေးအပေါ်မှာ အဓိက မူတည်တာပဲ။ မနှစ်က လမ်းတွေက ဘယ်မှမှ သွားလ်ု့ မရဘဲနဲ့။ အနောက်ကလည်း သွားလို့မရဘူး။ မြဝတီလမ်းကလည်း သွားလို့ရတာပဲ ရှိတယ်။ ဒါပေမယ့် တရားဝင်လမ်းကနေ၊ ဒီ အာရှလမ်းမ၊ ချောမွေ့တဲ့လမ်းကနေ သွားခွင့်မရှိတဲ့အခါကျ ရှိသမျှလမ်းတွေကနေ အကုန်သွားတယ်။ မိုးရာသီ စဉ်းစားကြည့်လိုက်ပေါ့။ ဘယ်လောက်ခက်ခဲတယ်ဆိုတာ။” လို့ ပခုက္ကူမြို့ အဝယ်ဒိုင်တဦးက ပြောပါတယ်။

ယခုနှစ် ကြက်သွန်ဈေး ပြန်လည်ဦးမော့လာတာကြောင့် လာမယ့်နှစ်တွေမှာ ကြက်သွန်စိုက် တောင်သူတွေ ပိုများလာနိုင်တယ်လို့လည်း ကြက်သွန်စိုက် တောင်သူတွေက ခန့်မှန်းကြပါတယ်။

တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။