ညောင်ဦး၊ စက်တင်ဘာ ၂၅၊ ၂၀၂၆။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးပြင်းထန်နေချိန် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ပုဂံမှာ သီတင်းကျွတ်အားလပ်ရက်အတွက် ဟိုတယ်နဲ့ တည်းခိုခန်းတွေ ပြည့်နေတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ဆောင်နေသူတွေနဲ့ ညောင်ဦးပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။
စက်တင်ဘာလ ဒုတိယအပတ်လောက်ကစတင်ပြီး ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်း၊ ချောက်နဲ့ ပုဂံကြားမှာ စစ်တပ်အင်အား ၂၀၀ ကျော်နဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာမျိုးတွေရှိနေပြီး ထိတွေ့တိုက်ပွဲအချို့လည်း ဖြစ်ပွားထားတယ်လို့ ဆိုပါတယ်။
“အရှေ့ဘက်ခြမ်းကတော့ ပြန်ဆုတ်သွားတာမကြာသေးဘူး။ အနောက်ဘက်ခြမ်းမှာ ဖြစ်နေတာတော့ ရှိတယ်။ အရှေ့ခြမ်းမှာဆို လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကမှ ပြန်ဆုတ်သွားတာ။ မိုင်းထိပြီး ဆုတ်သွားကြတာ။ အရှေ့ဘက်ခြမ်းကတော့ ပုံမှန်ရှိတယ်။ အနောက်ဘက်ကိုတော့ မကြမကြာစစ်ကြောင်းဝင်နေတာ”လို့ ညောင်ဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။
ပုဂံနဲ့ ဧရာဝတီမြစ်ပဲခြားတဲ့ တဖက်ကမ်းရှိ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီးနဲ့ ရေနံချပ်ကျေးရွာတွေမှာလည်း စစ်တပ်စစ်ကြောင်းတွေရှိနေတယ်လို့ သိရပါတယ်။
တဖက်မှာလည်း စစ်ရေးပြင်းထန်နေပေမယ့် လာမယ့် အောက်တိုဘာလ သီတင်းကျွတ်ပိတ်ရက်ရှည်ကာလအတွင်းမှာ ပုဂံက ဟိုတည်နဲ့ တည်းခိုခန်းတွေမှာ လာရောက်တည်းခိုဖို့ စာရင်းပေးထားသူတွေနဲ့ပြည့်နေတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ဆောင်နေသူတဦးက ပြောပါတယ်။
“သီးတင်းကျွတ်အတွက် တော်တော်များများပြည့်နေပြီ။ ဒီလ ၂၅၊ ၂၆ အတွက်တောင် အပြည့်။ နောက်လဆိုလည်း အပြည့်ဖြစ်နေပြီ။ ဘုရားဖူးတွေက အခုချိန်ကတည်းက ရှိနေပြီး။ လမ်းအခြေနေလည်းကောင်းတယ်။ ကျောက်ပန်းတောင်-အမြန်လမ်းကတော့ ကောင်းတယ်။ ဟိုတယ်၊ တည်းခိုခန်းကပြည့်ပြီး။ အီဗိုက်အဌားတွေတောင် ပြည့်နေပြီး။ ကျောင်းပိတ်ရက်အတွက် က နာမည်ကြီးဟိုတယ်တွေက လုံးဝမရတော့ဘူး”လို့ ပြောပါတယ်။
ပုဂံမြို့ပေါ်မှာတော့ စစ်တပ်၊ ရဲနဲ့ ပြည်သူစစ်တွေက အချိန်ပြည့် ကင်းပတ်နေတာမျိုးတွေရှိနေပြီး ပွင့်လင်းရာသီကာလ ပုဂံကိုလာမယ့် ဘုရားဖူးတွေရဲ့ လုံခြုံရေးလုပ်ဆောင်နေတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ပုဂံမှာတော့ နှစ်စဥ် နွေရာသီကျောင်းပိတ်ရက်၊ ဒီဇင်ဘာပိတ်ရက်နဲ့ သီတင်းကျွတ်ကာလတွေမှာ ပြည်တွင်းပြည်ပ ခရီးသွားတွေနဲ့စည်ကားနေတတ်ပြီး အဆိုပါကာလတွေမှာ ဟိုတည်၊ တည်းခိုခန်း၊ နေအိမ်လုံးချင်းအဌားတွေ ပြည့်နေတတ်တယ်လို့ သိရပါတယ်။