ပြည်၊ စက်တင်ဘာ ၁၀၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်၊ ကံစုရွာမှာ မှုခင်းသထောက်တစ်ဦးကို စက်တင်ဘာ(၁၀) ယနေ့ နံနက် (၁၁) နာရီမှာပဲ သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရသူဟာ မျိုးချစ် ဆိုသူဖြစ်ပြီး လူတစ်စုကလာရောက်ခေါ်ဆောင်ကာ ကံစုရွာထိပ် သစ်ချိုပင်ရွာချင်းဆက်လမ်းပေါ်မှာပဲ ပစ်ခတ်ခဲ့တာဖြစ်ပြီး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ မျိုးချစ် ရဲ့ အလောင်းကိုတော့ ဝက်ထီးကန်ရဲစခန်းမှ ရဲတွေက နေ့လည်(၂) ရီခန့်က လာရောက်ကောက်ယူသွားပြီး ဒေသခံတွေအနေနဲ့ ကြောက်လန့်တာကြောင့် ထွက်မကြည့်ရဲကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အုပ်စုတွင်းနဲ့ အုပ်စုအနီးကရွာတွေက သစ်နဲ့ အိမ်အသစ်ဆောက်မယ်ဆို သူ့ကိုပိုက်ဆံပေးရတယ်။ မပေးရင် သူကရဲတိုင်မယ် ငါကမှုခင်းရှုထောင့်သတင်းထောက် အချိန်မရွေး ရဲခေါ်လို့ရတယ်လို့ ပြည်သူကိုအမြဲပြောဆိုခြိမ်းခြောက်နေတာ” လို့ အဆိုပါဒေသခံက ပြောပါတယ်။
ဒါ့အပြင် မျိုးချစ်ဟာ ဝက်ထီးကန်ရဲစခန်း နဲ့ ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေ ငွေကောက်တာ၊ စစ်မှုထမ်းဖမ်းဆီးခံရတဲ့ လူငယ်တွေကို ပြန်ရွေးဖို့ ညှိနှိုင်းပေးတာတွေကိုလည်း ပြုလုပ်နေသူဖြစ်တယ်လို့ ဒေသတွင်း က သိရပါတယ်။
မျိုးချစ်နဲ့ပတ်သက်ပြီး ဒေသတွင်းကပြောဆိုမှုတွေကိုတော့ ဆက်လက်စုံစမ်းနေပြီး အတည်ပြုဖို့ ကြိုးစားနေသလို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းတွေနဲ့ ဘယ်သူတွေက ပြုလုပ်သွားတယ်ဆိုတာကိုလည်း စုံစမ်းနေဆဲဖြစ်ကာ ထုတ်ပြန်လာတာမျိုးလည်း မရှိသေးပါဘူး။
ဝက်ထီးကန်ရဲစခန်းမှာလည်း လက်တလောမှာ ပေါ်တာဆွဲတာ၊ ဖမ်းဆီးခံရသူတွေဆီက ငွေတောင်းတာတွေများစွာ လုပ်နေတဲ့အတွက် စုံစမ်းစစ်ဆေးခံနေရပြီး စခန်းမှူးအပြောင်းအရွေ့တွေကိုလည်း ပြုလုပ်ထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ယနေ့ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဝက်ထီးကန်ရဲစခန်းမှာ စစ်တပ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး ဒေသတွင်းကို လုံခြုံရေးတိုးမြှင့်ဖို့နဲ့ စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။