26 July 2026 3:25 PM

⁨ကြို့ပင်ကောက်မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတဦးသေဆုံးပြီး တဦးဒဏ်ရာရ

0 0
0 0

■ ဒီမနက်အထိ ဆက်ပစ်နေလို့ စစ်ရှောင်သောင်းဂဏန်းအထိရှိလာ

ကြို့ပင်ကောက်၊ ဇူလိုင် ၂၆၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ အမျိုးသမီးတဦးသေဆုံးကာ တဦးဒဏ်ရာရခဲ့သလို စစ်ရှောင်ဦးရေ သောင်းဂဏန်းအထိရှိလာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးဆီက သိရပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးသူဟာ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာက အသက် ၃၇ နှစ်ရွယ် ဒေါ်မိုးသီတာ ဖြစ်ပြီး ရရှိတဲ့ ဦးခေါင်းဒဏ်ရာကို ရန်ကုန်ဆေးရုံကြီးမှာ ကုသနေချိန် ဇူလိုင် ၂၅ ရက် မနေ့က သေဆုံးခဲ့တာလို့ ပြောပါတယ်။

အဆိုပါကျေးရွာက အသက် ၃၈ နှစ် အရွယ် ဒေါ်ဝင်းဝင်းခိုင်လည်း ခြေထောက်ကို လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ပုံစာ – ဇူလိုင် ၁၉ ရက်က စစ်အုပ်စုပစ်သည့် လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့သည့် မြို့ကိုင်းရွာ ဘုရားကျောင်းနှင့် အပျက်အစီးတချို့ ။

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ၂ ဦးတို့ဟာ ဇူလိုင် ၂၃ ရက် မနက် ၁၀ နာရီခွဲခန့်က စစ်အုပ်စုစခန်းဖြစ်တဲ့ အလယ်ကုန်းရဲကင်းစခန်းကနေပစ်တဲ့ လက်နက်ကြီးစ ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“လက်နက်ကြီးတွေ ဒရုန်းတွေက တောက်လျှောက် ချနေတာပါ။ ဒရုန်းနဲ့ချလိုက် လက်နက်ကြီးနဲ့ ပစ်လိုက်ပါပဲ။ အဆက်မပြတ်ပဲ၊ သေတဲ့သူနဲ့ ဒဏ်ရာရသူကလည်း သူတို့အိမ်တွေမှာနေရင်းနဲ့ ဒဏ်ရာရကြတာပါ” လို့ စစ်ရှောင်သူတွေကို ကူညီပေးနေသူက ပြောပါတယ်။

ဇူလိုင် ၂၆ ရက် ဒီမနက်မှာလည်း စစ်အုပ်စုဟာ တိုက်ပွဲမရှိပဲ အလယ်ကုန်းရဲကင်းစခန်းကနေ ဧရွာလေး၊ ရုံးချောင်းနဲ့ ဥယျာဉ်ကြီးကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်နေပြီး စစ်တပ်လော်ဘီ အမျိုးသမီးတဦးပြောဆိုထားတဲ့ ရွာတွေကို လိုက်လံပစ်ခတ်ဖျက်စီးနေတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုဟာ အလယ်ကုန်းနယ်မြေရဲကင်းစခန်းမှာ အထိုင်ချကာအင်အားဖြည့်တင်းလျှက်ရှိပြီး တပ်ဖြန့်ထားတဲ့စစ်အုပ်စုဝင်တွေအပါ အင်အား ၅၀၀ ဦး ခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပုံစာ – ဇူလိုင် ၁၉ ရက်က စစ်အုပ်စုပစ်သည့် လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့သည့် မြို့ကိုင်းရွာ ဘုရားကျောင်းနှင့် အပျက်အစီးတချို့ ။

စစ်အုပ်စုဟာ ကြို့ပင်ကောက်မြို့နယ်အတွင်းကို ဇူလိုင် ၈ ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးနေတဲ့အပြင် လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေလို့ ကြို့ပင်ကောက်မြို့ အရှေ့ဘက်က ကျခတ္တန်းကြီးရွာ၊ မင်းဝ၊ မြို့ကိုင်း၊ သခွပ်ပင်၊ ချောင်းဂွ၊ ညောင်ပင်သာ၊ ကွက်သစ်၊ ရင်းတိုက်ကွင်း၊ ဥယျာဉ်ကြီးနဲ့ ရုံးချောင်းစတဲ့ ကျေးရွာတွေအပါအဝင် ကြို့ပင်ကောက်တနယ်လုံးက ဒေသခံသောင်းဂဏန်းလောက်ဟာ မိုးရေထဲမှာ စစ်ရှောင်နေရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“တချို့လည်း မြို့နဲ့နီးတဲ့ရွာတွေမှာနေကြတယ်။ တချို့က အသိမိတ်ဆွေတွေက ယာယီ ခေါ်ထားတာမျိုးရှိတယ်။ မြို့ကခရစ်ယာန်ဘုရားကျောင်းမှာလည်း နေကြသူတွေရှိတယ် တောတောင်တွေထဲပြေးသူတွေရှိတယ်လို့လည်း ကြားတယ်” လို့ ကြို့ပင်ကောက်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက် မွန်းလွဲ ၁ နာရီလောက်ကလည်း အလယ်ကုန်းနယ်မြေရဲကင်းစခန်းကနေ အင်အား ၆၀ ကျော်ပါစစ်ကော်မရှင်

စစ်ကြောင်းဟာ ကျခတ္တန်းကြီးရွာကို ဝင်လာချိန် လယ်ထဲမှာ ရှိတဲ့ အသက် ၅၈ နှစ်ဝန်းကျင် ဦးကြည်စိုးကို သေနတ်နဲ့ပစ်သတ်ခဲ့လို့ သွေးထွက်လွန်ကာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။