⁩ ⁨စစ်ကိုင်းမှာ လေကြောင်းဗုံးကြဲခံရလို့ ကလေးငယ် ၃ ဦးအပါအဝင် ၈ ဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊ ဇွန် ၂၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို လေကြောင်းဗုံးကြဲခံရလို့ ကလေးငယ် ၃ ဦးအပါအဝင် ၈ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၂ နာရီကျော်ခန့်မှာ ကျေးရွာအရှေ့ပိုင်း လူနေအိမ်တွေကြားကို တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီး၊ MI 35 ၁ စီးတို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“အဲနားမှာ တိုက်ပွဲဖြစ်နေတာမျိုးတော့မရှိဘူး။ ဂေါဝိန်ဆိပ်ကနေ သူတို့ထောက်ပို့သင်္ဘောတွေတက်နေတာဆိုတော့ ရွာထဲမကြဲခင် စဉ့်ကိုင်နဲ့ တလိုင်းကြား လမ်းဆုံကို MI 35 နဲ့ အရင်ပစ်သေးတယ်။ ပြီးမှ ဖိုက်တာနဲ့ ပေါင် ၂၀၀၊ ၃၀၀ ဗုံးတွေကြဲတာ။ ရွာအရှေ့ဖျားလူနေအိမ်ပေါ်တွေကျတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

ဗုံးထိမှန်တာကြောင့် သေဆုံးသွားတဲ့ ကလေးငယ် ၃ ဦးမှာ အသက် ၅ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦး၊ ၆ နှစ်အရွယ် မဂျူးဂျူး နဲ့ ၈ နှစ်အရွယ်မိန်းကလေး ၁ ဦးတို့ဖြစ်ပြီး၊ ဆယ်ကျော်သက်အရွယ် မောင်ဟန်လင်းထက် (၁၄) နှစ်နဲ့ ၂၀ အရွယ် မောင်နိုးနိုးတို့အပြင်၊ အသက် ၄၀ နှစ်အရွယ် မသန်းသန်းစိုး၊ ၅၀ နှစ်ခန့်အရွယ် ဒေါ်သင်းနဲ့ဒေါ်ဝင်းတို့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပါတယ်။

ဒါ့အပြင် နောက်ထပ် ၅ ဦးထက်မနည်း ကျား/မ စိစစ်ဆဲဒဏ်ရာရရှိထားသူတွေလည်းရှိပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားတယ်လို့ သိရပါတယ်။

လေယာဥ်ဗုံးကြောင့် ထိခိုက်သေဆုံးသွားသူတွေကိုတော့ ရွာခံတွေက နေ့ချင်းသဂြိုလ်လိုက်ကြပြီး ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ ဆေးကုသမှုပြုလုပ်ပေးနေကြကာ ရွာခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတာမျိုးမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ကိုယ်ဝန်ဆောင်မိခင် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့သေးတယ်လို့သိရပါတယ်။

သတင်း-ကျော်ကြီး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။