စစ်ကိုင်း၊ ဇွန် ၂၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ မြောင်မြို့နယ်တို့မှာ အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၆ လုံး မီးလောင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇွန် ၂၅ ရက်မနက် ၁၁ နာရီကျော်မှာ ရွှေဘိုမြို့နယ်၊ ဘိုတဲကုန်းကျေးရွာကို ရွှေဘိုလေ့ကျင့်ရေး ၈ က လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၂ စီးက ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ရွာထိပ် သံတိုသံစရောင်းဝယ်ရေးလုပ်တဲ့ ဆိုင်ပေါ်ကျတယ်။ ပြီးတော့ စိုက်ပျိုးရေးရုံးထဲ တစီးကျတယ်။ သံတိုသံစဆိုင်ကို ဒရုန်းကျချိန်တော့လူထိတာရှိတယ်”လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။
ဒရုန်းထိမှန်တာကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးလက်မောင်းထိခိုက်ဒဏ်ရာရပြီး ဆိုင်နဲ့ ရုံးအဆောက်အဦ: ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ည ၇ နာရီကျော်မှာ နမခကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၄ စီးဟာ မြောင်မြို့နယ်၊ နဘတ်ကျေးရွာထဲက ပြည်သူနေအိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ နဘတ်တိုက်နယ် တာဝန်ခံက ပြောပါတယ်။
“၆ နာရီလောက်ကတည်းက မိုက်နဲ့လိုက်အော်ပြီး လူတွေကိုရွာပြင်ထုတ်လိုက်နိုင်တယ်။ သတင်းကြိုရလို့ပါ။ အိမ်တွေတော့ မီးလောင်ပျက်စီးတာရှိတယ်”လို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေကတော့ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဧပြီ ၃ ရက်နေ့ကလည်း မြောင်မြို့နယ်၊ နဘက်ကျေးရွာကို ဗုံးကြဲခံရလို့ မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး မိဘနှစ်ဦးဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း – လင်း