ခင်ဦး၊ ဇွန် ၂၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်ရဲ့ အသေခံဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သက်ဆိုင်ရာဒေသအခြေစိုက် ပအဖနဲ့ ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇွန် ၁၉ ရက်မနက် ၇ နာရီခန့်မှာ ရွှေဘိုလေ့ကျင့်ရေး ၈ ကနေ အသေခံဒရုန်း ၂ စီးအပြင် လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်ခဲ့တာကြောင့် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ရွာအပြင်ဘက် စစ်ရှောင်တွေနေတဲ့ တောတိုက်ထဲကို ကျရောက်ပေါက်ကွဲခဲ့ရာ G 12 ကျောင်းသူ ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ဆူဆိုက် (Suicide Drone) နဲ့အရင်ပစ်တယ်။ ပြီးမှလက်နက်ကြီးနဲ့ထုတာ။ သူတို့ဟာသူတို့ပစ်တာ။ ဘာတိုက်ပွဲမှမရှိဘူး။ ရွာမှာ မီးရှို့ထားတာဆိုတော့ တောထဲထွက်နေကြတာ။ လူနေတဲပေါ်ကျတာ”လို့ ခင်ဦးမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

လက်နက်ကြီးထိမှန်တာကြောင့် အလယ်ရှိုရွာကနေ စစ်ရှောင်နေတဲ့ အသက် ၁၈ နှစ်အရွယ် G 12 ကျောင်းသူ ၁ ဦးသေဆုံးသွားပြီး တဲလည်းပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျပြီးနောက်ပိုင်း အဲ့ဒီနေရာအနီးက စစ်ဘေးရှောင်တွေမှာ အခြားနေရာတခုကို ချက်ချင်းရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဆိုပါတယ်။
အဆိုပါ တောတိုက်ထဲမှာ နေထိုင်တဲ့စစ်ရှောင်တွေဟာ အလယ်ရှို၊ ယောက်သွားအိုင်ကျေးရွာနဲ့ အနီးအနားကျေးရွာတွေက ပြည်သူတွေဖြစ်ပြီး စစ်ရှောင်နေရတာ တနှစ်ကျော်လောက်ရှိပြီလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဇွန် ၁၈ ရက်မနက် ၇ နာရီ ၄၅ မိနစ်မှာလည်း ရွှေဘိုလေ့ကျင့်ရေး ၈ ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းတစီးဟာ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ တိုက်နယ် ၅ ပအဖ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ထိခိုက်မှုတွေရှိခဲ့တယ်လို့ တိုက်နယ် ၅ ပအဖ တာဝန်ခံက ပြောပါတယ်။
“မီးဖိုချောင်အနောက်ဘက်မှာ ကျတာ။ နှစ်စီးလာတာကို တစီးက စခန်းထဲလာကျတာ။ နောက်တစီးကဘယ်နားကျတာလည်းတော့ မသိဘူး။ လိုကေးရှင်းအတိအကျပေးတဲ့သူရှိလို့ အတိအကျလာချတာလို့ ပြောလို့ရတယ်”လို့ တိုက်နယ် ၅ ပအဖ တာဝန်ခံက ပြောပါတယ်။
အဆိုပါဒရုန်းတိုက်ခိုက်မှုကြောင့် ပအဖတပ်ဖွဲ့ဝင် ၁ ဦး ပေါင်နဲ့နားရွက် အစမှန်ဒဏ်ရာ၊ အချုပ်သား ၁ ဦး အရေပြားပွန်းပဲ့ဒဏ်ရာရပြီး မီးဖိုချောင်ပျက်စီးကာ တိုက်ခိုက်ခံရပြီးနောက်မှာ အရေးပေါ်အခြေနေအရ ရွှေ့ပြောင်းမှုတွေပြုလုပ်ထားရတယ်လို့ ဆိုပါတယ်။
မေ ၂၇ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ရေတော်မူကျေးရွာကို မုံရွာနမခက လွှတ်လိုက်တဲ့ဒရုန်း ကျရောက်ပေါက်ကွဲပြီး လင်မယား ၂ ဦးသေဆုံးကာ အမျိုးသမီး ၂ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း – လင်း