ပဲခူးအနောက်မှာ စက်သုံးဆီစျေးကြောင့် မိုးစပါးထွန်ယက်ခ နှစ်ဆမြင့်တက်

0 7
0 7

■ ရိတ်သိမ်းချိန် ရိတ်ခြွေစက်ငှားခတွေလည်း ထပ်တက်နိုင်လို့ တောင်သူတွေအခက်တွေ့

ပဲခူး၊ ဇွန် ၆၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်းမှာ မိုးစပါးစတင်စိုက်ပျိုးနေကြပြီး စက်သုံးဆီစျေးမြင့်တက်နေတာကြောင့် စိုက်ပျိုးထွန်ယက်ခတွေ နှစ်ဆခန့်မြင့်တက်နေတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။

မိုးစပါးထွန်ယက်ဖို့အတွက် ယခင်နှစ်တွေက လယ် ၁ ဧက ၄ သောင်းကျပ်နဲ့သာ လယ်ထွန်စက်ငှားရမ်းရပေမယ့် လက်ရှိစက်သုံးဆီစျေးနှုန်းတွေကြောင့် ယခုနှစ်ငှားရမ်းခ ၁ ဧက ၇ သောင်းကျပ်အထိ စျေးပေါက်နေတယ်လို့ ဆိုပါတယ်။

” စပါးက ၅ လပိုင်း ၁၅ ရက်လောက်ဆို စပြီးစိုက်ကြတာ။ စပါးပေါ်ချိန်က ၄ လခွဲကြာတယ်။ ဓါတ်ဆီဈေးမတက်တာတောင် မနှစ်ကတည်းက အကုန်လုံးနီးပါးရှုံးကြတယ်”ရေကျော်ရွာမှ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

မိုးစပါးစိုက်ပျိုးချိန်ဟာ ၄ လခွဲခန့်ကြာမြင့်ပြီး စပါးရိတ်သိမ်းချိန်မှာလည်း ရိတ်ခြွေစက် ငှားရမ်းခတွေ ထပ်မံမြင့်တက်လာနိုင်လို့ အရှုံးပေါ်နိုင်တယ်လို့ စစ်ကွင်းမြို့က တောင်သူတဦးက အခုလိုခန့်မှန်းပြောဆိုပါတယ်။

“၂ နှစ်ရှိပြီ စပါးရော ပဲရောရှုံးကြတာ။ မြတ်တဲ့သူမရှိပါဘူးလေ။ ခုနှစ်တော့ ရိတ်‌ခြွေခ ၂၂၀, ၀၀၀ (ကျပ်) လောက်ပေါက်မယ်။ ၂ နှစ်ဆက်တိုက် ရှုံးတာမဟုတ်ဘူး အရင်ကလည်းအရှုံးပေါ်တာပဲ။ ခုနှစ်နဲ့ မနှစ်ကပိုဆိုးသွားတာ” လို့ သူက ပြောပါတယ်။

ယခင်နှစ် စပါးရိတ်သိမ်းချိန်မှာ စပါးရိတ်ခြွေစက်ငှားရမ်းခ ၁ ဧက ၁၃၀,၀၀၀ ကျပ် ဖြစ်ခဲ့ပြီး စက်သုံးဆီစျေးနှုန်းမြင့်တက်နေတာကြောင့် အခုနှစ်ရိတ်သိမ်းချိန်မှာ ငှားရမ်းခ ၂ သိန်းကျော်အထိ စျေးပေါက်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လ အရှေ့အလယ်ပိုင်းပဋိပက္ခတွေကြောင့် စက်သုံးဆီစျေးတွေ ထပ်မံမြင့်တက်နေပြီး စက်သုံးဆီ(ဒီဇယ်) ၁ လီတာကို ၆,၀၀၀ ကနေ ၈၀၀၀ ကျပ်ဝန်းကျင်အထိ ရှိနေကာ အကန့်အသတ်နဲ့သာ ဝယ်ယူနေရတယ်လို့ သိရပါတယ်။

စပါးစိုက်တောင်သူတွေဟာ ပြီးခဲ့တဲ့ ၅ နှစ်ကျော်ကစတင်ကာ စက်မှုလယ်ယာဘက်ကူးပြောင်းလာပြီး စိုက်ပျိုးချိန်ထွန်စက်တွေနဲ့ ထွန်ယက်တာ၊ ရိတ်သိမ်းချိန်မှာ ရိတ်ခြွေစက်တွေနဲ့ ရိတ်သိမ်းကြတာဖြစ်ပြီး စပါးကိုလည်း သတ္တန်ကြဲပြီး စိုက်ပျိုးကြတာဖြစ်တယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။

အဲ့ဒီလိုစိုက်ပျိုးကြတာကြောင့် စပါးခင်းတွေထဲမှာ ထွန်စက်ခရိတ်ခြွေခတွေ တိုးမြှင့်ပေးနေကြရတဲ့အပြင် လက်ရှိမှာ အခြားသွင်းအားစုတွေဖြစ်တဲ့ ပိုးသတ်ဆေး၊ မြေသြဇာတွေလည်း စျေးနှုန်းကြီးမြင့်နေတာပါ။

မင်းလှမြို့နယ်ထဲမှာ စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းစီးမှုတွေကြောင့် အသက် ၂၀ ကနေ ၃၅ နှစ်ကြား လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်သားတွေအဖြစ်ထွက်ခွာနေကြလို့ လုပ်သားရှားပါးမှုတွေဖြစ်ပေါ်နေကာ စပါးရိတ်သိမ်း/စိုက်ပျိုးချိန် လုပ်သားငှားရမ်းခတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။