ကဝ၊ မေ ၂၀၊ ၂၀၂၆။
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ခနာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေးဆိုကာ လစဥ်ငွေ ခြိမ်းခြောက်ကောက်ခံနေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ ရာအိမ်မှူး ဦးစံသိန်းတို့ဟာ လစဥ် ပထမပတ်အတွင်း စစ်မှုထမ်းကြေးဆိုကာ ၁ အိမ် ၂၅,၀၀၀ ကျပ်ကောက်ခံနေပြီး ငွေပေးနောက်ကျသူတွေနဲ့ မပေးနိုင်ဘူးဆိုသူတွေကို ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
“စစ်မှုထမ်းစခေါ်ကတည်းက ကောက်နေတာ။ အခုထက်ထိပဲ။ မုဆိုးမလည်းမထားဘူး။ ၁ လ ၁ ခါ ကောက်တယ်။ မပေးရင်ဖမ်းမယ်တို့ စစ်ထဲထည့်မယ်တို့ မိုက်နဲ့အော်ပြီး ခြိမ်းခြောက်တာ။ မပေးရဲဘဲ မနေရဲကြဘူးလေ။ ပေးရတယ်”လို့ ရွာခံတဦးက ပြောပါတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူးဟာ ကဝမြို့ပေါ်က စစ်တပ်အရာရှိတွေနဲ့ ပေါင်းပြီး ငွေကြေးကောက်ခံနေတာကြောင့် ရွာခံတွေမှာလည်း မတိုင်ကြားရဲကြဘူးလို့ ဆိုပါတယ်။
ခနာကျေးရွာအုပ်စုမှာ ခနာ၊ ညောင်တပင်၊ ဥက္ကံတဲစု၊ ကျောက်တိုင်ကန်တဲစုကျေးရွာတွေပါဝင်ပြီး အိမ်ခြေ ၆၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါကျေးရွာမှာ နေထိုင်သူတွေဟာ တောင်သူလယ်သမား၊ သာမန်လက်လုပ်လက်စား၊ တံငါလုပ်သူတွေများတာကြောင့် စစ်မှုထမ်းကြေးဆိုပြီး ကောက်ခံတဲ့ ငွေကျပ် ၂၅,၀၀၀ ဟာ ရွာခံတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့ ခြိမ်းခြောက်မှုကြောင့် ရွာခံလူငယ်အများစုမှာလည်းကျေးရွာထဲ မနေရဲကြဘဲ ပြည်ပကိုထွက်ခွာကြတာနဲ့ ပြည်တွင်းအခြားအရပ်ဒေသတွေမှာ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြတာတွေ ပြုလုပ်နေရတယ်လို့ သိရပါတယ်။
စာတည်း – လင်း