စိုင်းပြင်ရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

0 20
0 20

ဒီပဲယင်း၊ မေ ၁၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်းပြင်မြို့ရှိ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက မေ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မေ ၁၄ ရက်မနက်အစောပိုင်းကစတင်ပြီး စိုင်းပြင်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ မေ ၁၆ ရက် မနက် ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ခက်ခက်ခဲခဲ ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ပါတယ်။ လေယာဥ်၊ Gyro၊ Paramotor၊ Suicide drone အစုံသုံးပြီးတိုက်ခိုက်ပါတယ်။ စစ်ဆင်ရေးကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု တနေကုန် တညလုံးလုပ်ခဲ့ပါတယ်။ အကြိမ်ရေအများကြီးပါ။ သိမ်းပြီးတော့လည်း ဆက်ပြီးတိုက်ခိုက်မှုလုပ်နေတုန်းပါ။”လို့ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက တာဝန်ရှိသူကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်နဲ့ရဲတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်ကော်မရှင်အဖွဲ့တွေ စခန်းစွန့်ခွာထွက်ပြေးချိန် ကျန်ရစ်ခဲ့တဲ့ ဒဏ်ရာရသူတွေနဲ့ မိသားစုဝင်တွေကိုလည်း ထိန်းသိမ်းထားပြီး ရဲစခန်းအတွင်း အဆောာက်အဦးတွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိလက်နက်တွေ၊ ဖမ်းဆီးရမိသုံ့ပန်းအခြေနေနဲ့ အရေအတွက်ကိုတော့ ဖော်ပြလို့မရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်သေဆုံးသူတွေရှိတယ်လို့ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက တာဝန်ရှိသူကပြောပါတယ်။

စိုင်းပြင်မြို့ကနေစစ်ဘေးရှောင်သွားကြတဲ့ ပြည်သူတွေအနေနဲ့ မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီလို့လည်း စစ်ဌာနက မေ ၁၉ ရက်မှာ နောက်ဆက်တွဲသတင်းထုတ်ပြန် အသိပေးပါတယ်။

တဖက်မှာလည်း တပ်စခန်းအနီးတွေမှာ မိုင်းတွေရှိနေနိုင်သေးတာကြောင့် သွားလာတာမျိုး မပြုလုပ်ကြဖို့၊ မသင်္ကာဖွယ်ရာလူတွေ့ရင် သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့ကို အကြောင်းကြားဖို့၊ စစ်လက်နက်တွေ့ရင် အပ်နှံကြဖို့လည်း အသိပေးထားပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။