ကနီ၊ မေ ၁၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၁၂ ရက်မှာ ကနီမြို့ကနေထွက်ခွာလာတဲ့ အင်အား ၁၅၀ ပါ စစ်ကြောင်းဟာ မင်းကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် မေလ ၁၄ ရက် ဒီကနေ့မနက်ပိုင်းမှာ မုဌောအရှေ့ရွာနဲ့ မုဌောအနောက်ရွာတွေကို ဆက်တိုက်မီးရှို့ခဲ့ပြီး ချောင်းမရွာမှာတပ်စွဲထားတဲ့စစ်ကြောင်းကလည်း မေလ ၁၃ ရက်မှာ သမင်ခြံရွာကို မီးတင် ရှို့ခဲ့တယ်လို့ ဆိုပါတယ်။
“သမင်ခြံ၊ မုဌောအရှေ့(ရွာ)၊ အနောက်(ရွာ)၊ ဘယ်လောက်ပါသွားလဲတော့ မသိရသေးဘူး၊ (မေ ၁၄) မနက်က မုဌောအနောက်ရွာကို ထပ်ရှို့သေးတယ်၊ မနေ့က မနက်ခင်းပိုင်းကတည်းက ရှို့နေတာ၊ အခုမနက်ထိပဲ” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကနီမြို့နယ်ကို စစ်ကော်မရှင်တပ်က ဧပြီ ၂၃ ရက်ကစလို့ မုံရွာ-ယာကြီး-ကလေးဝ လမ်းတလျှောက် စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း စစ်ဘေးရှောင်နေရကာ မေလ ၁၁ ရက်မှာ ဒေသခံတွေရဲ့ လှည်းနဲ့နွားတွေယူဆောင်ကာ ပြန်လည်ထွက်ခွာခဲ့ပြီး မေလ ၁၂ ရက်မှာ တကျော့ပြန်စစ်ကြောင်းထိုး မီးရှို့နေတာပါ။
မေလ ၁၀ ရက်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး ပျူစောထီးရွာကနေ ကနီမြို့နယ်၊ ချောင်းမရွာကို ဦးတည် လာတဲ့စစ်ကြောင်းတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် အခုလို တကျော့ပြန်စစ်ကြောင်းထိုးလာတာလည်း ဖြစ်ပါတယ်။