တောင်သာ၊ မေ ၄၊ ၂၀၂၆။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သံဘိုရွာမကျေးရွာမှာ နယ်မြေရှင်းလင်းရေးသွားတဲ့ PDF တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၁၁ ဦးကျဆုံးပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
မေလ ၄ ရက်မနက် ၉ နာရီခန့်မှာ မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ဖွဲ့ဝင် ၁၃ ဦးဟာ ကျေးရွာထဲကို ကား ၁ စီးနဲ့အသွား စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်တာကိုခံလိုက်ရတာလို့ ဆိုပါတယ်။
“နယ်မြေရှင်းလင်းဖို့အသွား ကင်းပုန်းနဲ့တွေ့တာ။ ** စစ်ကြောင်းက ခပေါင်းနဲ့သံဘိုကိုကူးနေတာနေမယ်။ ဘယ်မှမသွားဘဲနဲ့။ သွားတာက ၁၃ ဦး။ ၂ ဦးတော့ထွက်ပြေးနေရတယ်။”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ အလောင်းတွေလည်းပြန်မရသေးဘဲ တပ်ဖွဲ့ဝင်တွေကိုင်ဆောင်သွားတဲ့လက်နက်တွေနဲ့ ကား ၁ စီးလည်းဆုံးရှုံးကာ ထွက်ပြေးသွားသူ ၂ ဦးနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာတော့ သံဘိုရွာထဲဝင်လာတဲ့ PDF တွေကို အလစ်အငိုက်ဖမ်းတိုက်ခိုက်တာကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး သေနတ် ၆ လက်၊ စိန်ပြောင်း ၁ လက်၊ ဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ကာဦးထုပ် ၉ လုံး၊ ကျည်ကာအင်္ကျီ ၇ ထည်၊ ကျည်ဘောက်မျိုးစုံ ၈ ဘောက်၊ 4 Wheel Extra cub မော်တော်ယာဥ် ၁ စီး တို့သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင်သေဆုံးသွားတဲ့ PDF အဖွဲ့ဝင်တွေရဲ့အလောင်းတွေကို ကားပေါ်တင်ပြီးနောက် မြက်ခြောက်တွေအုပ်ကာ အလောင်းတွေနဲ့ကားကိုမီးရှို့တဲ့ဓာတ်ပုံတွေကိုလည်းဖော်ပြထားကြပြီး အဆိုပါပုံတွေဟာ မှန်ကန်ကြောင်း အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင်တပ်ရင်း ၃ ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ဧပြီ ၂ ရက်ကလည်း မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ရွာကို စစ်ကော်မရှင်စစ်ကြောင်းဝင်ကာ ဒရုန်းနဲ့ဗုံးချ ပစ်ခတ်မှုတွေအတွင်း PDF တပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် ပြည်သူ ၂၀ ထက်မနည်းသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း