စလင်းမှာ စစ်ကြောင်းထိုးမီးရှို့လို့ နေအိမ် ၃၆၀ ကျော်ပျက်စီးပြီး ပြည်သူ ၂ ဦးသေဆုံး

0 5
0 5

စလင်း၊ မေ ၂၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာ ၄ ရွာကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၆၀ ကျော် မီးလောင်ပျက်စီးပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ စလင်းမြို့နယ်ပကဖတာဝန်ခံဆီက သိရပါတယ်။

မေလ ၁ ရက် နေ့လယ် ၁၂ နာရီခန့်မှာ စလင်းနဲ့ဆင်ဖြူကျွန်းကပူးပေါင်းထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါစစ်ကော်မရှင်စစ်ကြောင်းဟာ ထနောင်းကုန်းကျေးရွာကို ဝင်ရောက်လာချိန် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ထနောင်းကုန်းကို အရင်ဝင်တာ။ ဝင်လာတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီးတော့မှ ဒရုန်းတွေသုံးတယ်။ လက်နက်ကြီးပစ်ကူတွေနဲ့ ဇွတ်တက်တက်တာ။ ကျနော့်ရဲဘော်တွေရှေ့မှာတင် မိုင်းတွေထိတယ်။ ကျည်တွေထိတယ်။ လဲကျပြီးမှသေတာကို ဒီအတိုင်းထားခဲ့ပြီးမှ ဆက်တက်လာတယ်။ ဒရုန်းတွေနဲ့ဗုံးကြဲလို ကျနော်တို့ဘက်က ဆုတ်ပေးလာရတယ်။ ရွာထဲကိုလည်း ၄၀ မမ မီးလောင်ဗုံး လှမ်းပစ်တာရှိတယ်။ ရွာထဲလည်း ရောက်ကော ရွာလုံးကျွတ်မီးရှို့တာ”လို့ စလင်းမြို့နယ်ပကဖတာဝန်ခံ M 4 က ပြောပါတယ်။

တိုက်ပွဲဖြစ်ချိန်မှာ စစ်ကော်မရှင်ဘက်က ၁၀ ဦးကျော်သေဆုံးကာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က ၃ ဦးဒဏ်ရာရခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ပြီးနောက် ထနောင်းကုန်းရွာထဲဝင်လာတဲ့စစ်ကြောင်းက နေအိမ်တွေမီးရှို့နေချိန် ရွာထဲတွေ့တဲ့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးကိုပစ်သတ်ခဲ့ပြီး မီးရှို့ချိန် ထွက်မပြေးနိုင်ဘဲ နေအိမ်ထဲကျန်ခဲ့တဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးလည်းမီးလောင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထနောင်းကုန်းရွာကို မီးရှို့ပြီးနောက် ရွာချင်းဆက်နေတဲ့ ကံဆွယ်ရွာ၊ ကြူဝင်းရွာနဲ့ သနပ်ကုန်းရွာတွေကိုလည်း ဆက်တိုက်မီးရှို့ပြီး ညနေ ၅ နာရီကျော်မှာ စလင်းမြို့ဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ခုလိုမီးရှို့လို့ ထနောင်းကုန်းရွာက နေအိမ် ၃၀၀ ခန့်၊ ကံဆွယ်ရွာကနေအိမ် ၄၀၊ ကြူဝင်းရွာက ၂ အိမ်၊ သနပ်ကုန်းရွာက နေအိမ် ၂၀ ကျော်တို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထနောင်းကုန်း၊ ကံဆွယ်၊ ကြူဝင်း၊ သနပ်ကုန်းရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက လူဦးရေ ၅,၀၀၀ ကျော်ဘေးလွတ်ရာထွက်ပြေးနေရပြီး မေလ ၂ ရက်အထိတော့ ရွာထဲကို ပြန်မဝင်ကြရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၀ ရက်ကလည်း စလင်းမြို့နယ်အတွင်း ကံပြား-စေတုတ္တရာ လမ်းပိုင်းမှာ စစ်ကော်မရှင်ယာဉ်တန်း တိုက်ခိုက်ခဲ့ရပြီး စစ်ကော်မရှင်တပ်သား ၄ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။