ညောင်လေးပင်မှာ အုပ်ချုပ်ရေးမှူးနဲ့ပျူစောထီးအဖွဲ့တွေလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

0 1
0 1

ပဲခူး၊ ဇန်နဝါရီ ၁၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ စီပင်ရွာနဲ့ဂျောင်းတာရွာအကြား ကျေးရွာချင်းဆက်လမ်းပေါ်မှာ စီပင်ရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေစီးလာတဲ့ကား ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး ၄ ဦးဒဏ်ရာရတယ်လို့ ပဲခူးရှေ့ခြမ်းမှာလှုပ်ရှားနေတဲ့ 9 stars Underground Force အဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက် မနေ့မနက် ၈ နာရီခန့်မှာ ဝိသဖန်းအင်းဘက်ကနေ စီပင်ကျေးရွာကို ကားနဲ့ပြန်လာတဲ့ စီပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးနဲ့ ၎င်းရဲ့လက်အောက် ပျူစောထီးအဖွဲ့ဝင်တွေကို လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

” သူ့ အင်းတဲကနေ ပြန်လာတာပါ။ ညထဲက သူရွာကထွက်တော့ လိုက်တာ မမှီလိုက်လို့ တညလုံးထိုင်စောင့်ပြီး အပြန်မှာ ပစ်တာပါ။ သူတို့ဘက်က ပြန်ပစ်ချိန်တော့ မရဘူး။ ကားခဏရပ်သွားပြီး မောင်းပြေးသွားတယ်။ ကားပေါ်ပါသူတွေက သူတပည့် လက်နက်ကိုင်တွေပါ” လို့ 9 stars Underground Force ခေါင်းဆောင် ကိုမြွေပွေးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် စံအေးနဲ့ လွင်ဦး ဆိုသူတို့သေဆုံးပြီး အုပ်ချုပ်ရေးမှူး မင်းမင်းဦးမှာ ဗိုက်ကျည်ထိဒဏ်ရာ၊ လက်ထောက်ဖြစ်သူ ငဇော်မှာ ရင်ဘတ်ကျည်ထိ ဒဏ်ရာအပြင် နောက်ထပ် ၂ ဦးဒဏ်ရာရသွားကာ ဒဏ်ရာပြင်းထန်သူတွေကို ညောင်လေးပင်ဆေးရုံကနေတဆင့် တောင်ငူဆေးရုံကို ပို့ဆောင်ကုသနေရကြောင်း မြေပြင်သတင်းပေးတွေထံက ပြန်လည်စုံစမ်းသိရှိရတယ်လို့ သူကဆက်ပြောပါတယ်။

အုပ်ချုပ်ရေးမှူး မင်းမင်းဦးနဲ့ ပျူစောထီးအဖွဲ့တွေက စီပင်ကျေးရွာမှာ ဘန်ကာတွေနဲ့ ခံတပ်ပုံစံ အခိုင်အမာတည်ဆောက်ထားပြီး ၎င်းတို့လိုအပ်ပါက ညောင်လေးပင်အခြေစိုက် ခမရ ၂၀၊ ခမရ ၄၄၀ တပ်တွေကနေ အင်အားတွေကိုပါ တောင်းခံအသုံးပြုနိုင်တဲ့ အခြေအနေထိရှိတယ်လို့ သိရပါတယ်။

စီပင်ရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဟာ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ဒိုက်ဦးနယ်တွေ အထိ ရွာစဉ်လှည့်ကာ စစ်မှု့ထမ်းလူသစ်စုဆောင်းပြီး အရပ်သားနဲ့ပြည်သူတွေကို ဒုက္ခပေးနေသူလို့ အထက်ပါအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၂ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ထန်းကုန်းကျောက်ပုံ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးတင်စိန်ကို ကျေးရွာထဲမှာ ပစ်ခတ်ရှင်းခံရလို့ သေဆုံး သွားတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။