မန္တလေး ၊ဇန်နဝါရီ ၁၇၊ ၂၀၂၅။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက် ၇၇ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ Diamond Plaza တတိယထပ်ပေါ်ကနေ ပန်းရံလုပ်သားအမျိုးသမီးတဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ အသက် ၅၂ နှစ်အရွယ် ဒေါ်ဝင်းမြိုင်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက် ညနေ ၃ နာရီကျော်မှာ အလုပ်လုပ်နေရင်း ပြုတ်ကျခဲ့တာလို့ဆိုပါတယ်။
“အလုပ်လုပ်နေရင်း ပြုတ်ကျတာ။ ကြမ်းခင်းချော်ပြီး ပြုတ်ကျတာမျိုး။ သူက ပန်းရံအလုပ်သမားပါ။ သူနေတာက မီးရထားဝန်းလိုင်းခန်းမှာ ငှားနေကြတာ။”လို့ ဒေသခံတဦးက ပြောပါတယ်။
Diamond Plaza တတိယထပ်ဟာ ပျက်စီးမှုရှိနေတာကြောင့် ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။
ဒေါ်ဝင်းမြိုင်ပြုတ်ကျချိန် အဆောက်အဦအောက်မှာရှိတဲ့ အုတ်လှေခါးနဲ့ ဦးခေါင်းကိုရိုက်မိတာကြောင့် နေရာမှာတင် ဦးခေါင်းကွဲဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက မန္တလေးပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေါ်ဝင်းမြိုင်မှာ အမျိုးသားဖြစ်သူလည်း ဆုံးပါးထားပြီး အသက် ၂၀ အရွယ်သမီး ၁ ဦး၊ အသက် ၁၀ နှစ်အရွယ်သား ၁ ဦးတို့နဲ့ အတူနေထိုင်နေရသူဖြစ်တယ်လို့ သိရပါတယ်။
စာတည်း – လင်း