One Friday Fights 80 မှာ သွေးသစ်ဝင်းလှိုင် ထပ်မံရှုံးနိမ့် (အားကစားသတင်း)

0 4
0 4

မြေလတ်အသံ၊ စက်တင်ဘာ ၂၀၊ ၂၀၂၄။

စက်တင်ဘာ ၂၀ ရက် ဒီနေ့ညမှာထိုးသတ်ခဲ့တဲ့ One Friday Fights 80 မှာ သွေးသစ်ဝင်းလှိုင်က ပြိုင်ဘက် ဥဇဘက်ကစ္စတန်ကစားသမား ခါခိုရော့ဗ်ကို အမှတ်အဆုံးအဖြတ်နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။ 

သွေးသစ်ထက် အရပ်အမောင်းသာတဲ့ခါခိုရော့ဗ်ဟာ ပွဲအတွင်းဝင်ရောက်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်အနေအထားပါ အတော်လေးကွာဟနေတာကို တွေ့ရပါတယ်။ 

ပထမအချီမှာ ခါခိုရော့ဗ်က ဘယ်ခြေကန်ချက်နဲ့ အကဲစမ်းခဲ့ပေမယ့် သွေးသစ်က အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။‌‌ ခါခိုရော့ဗ်ရဲ့ ခြေကန်ချက်တွေကို ကောင်တာပြန်ခဲ့တဲ့ သွေးသစ်ရဲ့လက်သီးချက်တွေထိရောက်ခဲ့သလို ခါခိုရော့ဗ်ကလည်း အကပ်မခံဘဲ ထောက်လက်သီးတွေ အသုံးပြုခဲ့ပါတယ်။ 

ဒုတိယအချိမှာတော့ ပွဲဟာပိုမိုမြိုင်ဆိုင်လာခဲ့ပြီး ခါခိုရော့ဗ်ဟာ ဖွင့်ထိုးလာခဲ့ပါတယ်။ ဒုတိယအချီပြီးဆုံးခါနီးအချိန်မှာတော့ ပွဲကိုခါခိုရော့ဗ်ကစိုးမိုးလာခဲ့ပြီး အနီးကပ်ပူးသတ်ပြီး စိတ်ကြိုက်ထိုးသတ်သွားခဲ့တာကို သွေးသစ်တယောက် တုံ့ပြန်ပုံအားနည်းသွားခဲ့ပါတယ်။ 

အသာရနေပြီဖြစ်တဲ့ခါခိုရော့ဗ်ဟာ တတိယအချီမှာလည်း သွေးသစ်မတုံ့ပြန်နိုင်တဲ့ ပူးကပ်ထိုးသတ်တဲ့နည်းကို အကောင်းဆုံးအသုံးချပြီး ထိုးချက်တွေ၊ ဒူးတိုက်ချက်တွေ၊ လက်ပြန်ရိုက်ချက်တွေနဲ့ စိတ်ကြိုက်ထိုးသတ်သွားတာတွေ့ရပြီး သွေးသစ်က‌တော့ ခါခိုရော့ဗ်ချုပ်လိုက်တိုင်းမှာ ရုန်းမထွက်နိုင်တော့ဘဲ အမှတ်စဉ်ရေတွက်ခံရကာ တခါတရံမှသာ မထိရောက်တဲ့ကောင်တာလက်သီးတွေ ထွက်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ပွဲစဉ်တလျှောက် အကောင်းဆုံးထိုးသတ်ခဲ့တဲ့ ခါခိုရော့ဗ်ကိုအမှတ်ပေးဒိုင်အားလုံးက အနိုင်ပေးခဲ့ပြီး သွေးသစ်အတွက်တော့ အထိနာတဲ့ရှုံးပွဲတပွဲ ထပ်တိုးသွားခဲ့ပါတယ်။ 

Photo: SS from One Championship Live.

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။