မုံရွာ၊ ညောင်ပင်သာရွာဆေးရုံ ဗုံးကြဲခံရ

0 22
0 22

မုံရွာ၊ ဧပြီ ၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာကျေးရွာ ဗုံးကြဲခံရပြီးအဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဧပြီ ၂ ရက်ညနေ ၃ နာရီကျော်မှာ စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာ ၆ စီးက ရွာနဲ့ အနီးရှိဆေးရုံကို ဗုံး ၁၂ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကနဦးကြဲပြီး ရှင်းလင်းရေးတွေဝင်တဲ့အချိန် နောက်ထပ်ရှင်းလင်းရေးတွေဝင်တဲ့အချိန် ၂ စီးနဲ့လာထပ်ကြဲသေးတာ။ ကနဦးက ဆေးရုံပေါ် စချတာ။ သတင်းကြိုရတဲ့အတွက် ပြည်သူတွေ အကုန်ထုတ်နိုင်ခဲ့တယ်။ ရွာတော့ တော်တော်ထိတယ်”လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဆေးရုံအပါအဝင် ပြည်သူနေအိမ် ၁၀ လုံးထက်မနည်းပျက်စီးတယ်လို့ ကနဦးသိရပြီး အပျက်အစီးတွေကို လေကြောင်းအန္တရာယ်ကြောင့် အပြီးအစီးရှင်းလင်းနိုင်တာမျိုးတော့မရှိသေးတဲ့အတွက် အပျက်အစီးစာရင်း အတိအကျမရသေးဘူးလို့ ဆိုပါတယ်။

ဒီဗုံးကြဲမှုကို သတင်းကြိုရတာကြောင့် ပြည်သူတွေနဲ့ဆေးရုံတက်လူနာတွေကိုပါ အချိန်မီကယ်ထုတ်နိုင်ခဲ့ကာ လူထိခိုက်သေဆုံးမှုတော့မရှိခဲ့ဘူးလို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဗုံးကြဲခံရတဲ့ ဆေးရုံဟာ ၂၀၂၂ မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ညောင်ပင်သာရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာကဒေသခံတွေကို ဆေးကုသမှုခံယူတဲ့ဆေးရုံဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာကို စစ်ကော်မရှင်ဘက်က စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ကလေးငယ် ၂ ဦးသေဆုံးပြီး အမျိုးသမီး ၄ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။