မြေလတ်အသံ၊ မတ် ၂၀၊ ၂၀၂၆။
မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းမှာ PDF ၅၀၀ ကျော် ဘက်ပြောင်းလာတယ်လို့ စစ်ကော်မရှင်ဝါဒဖြန့် ရုပ်သံလိုင်းရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ သိရပါတယ်။
မတ်လ ၂၀ ရက်မှာ ပဲခူးတိုင်းအတွင်းကနေ ဘက်ပြောင်းလာတဲ့ PDF အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို လက်ခံကြိုဆိုမှုနဲ့ ထောက်ပံကြေးငွေပေးအပ်ပွဲကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာ ပြုလုပ်ခဲ့ပြီး သူတို့နဲ့အတူ သေနတ် ၁၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ခဲယမ်းတွေလည်းပါဝင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မတ်လ ၁၉ ရက်ကလည်း မန္တလေးတိုင်းအတွင်းမှာရှိတဲ့ PDF ၊ TNLA၊ AA နဲ့ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးက အလင်းဝင်ရောက်လာတဲ့သူ ၅၀၀ ကျော်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ကြိုဆိုပွဲ ပြုလုပ်ခဲ့ပြီး မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည်အပ်နှံတဲ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၈ ရက်မှာ ရေတာရှည်အခြေစိုက် မြေလတ်ဗမာအဖွဲ့က မိုင်းတာဝန်ရှိသူဒေါင်းနီဆိုသူဟာ သေနတ် ၂ လက်၊ ဆိုင်ကယ်နဲဖုန်းအချို့ကိုယူပြီး စစ်ကော်မရှင်တပ်ဆီ ဘက်ပြောင်းသွားတဲ့ဖြစ်စဥ် ရှိခဲ့တယ်လို့ သိရပါတယ်။

ဘက်ပြောင်းလာသူတွေဆီကနေ လက်နက် ၁၀၀ ဝန်းကျင်၊ ခဲယမ်း ၆၀၀၀ ကျော်၊ အလင်းဝင်ရောက်လာသူ အမျိုးသား ၄၅၃ ဦး၊ အမျိုး သမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦးတို့ဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။